သာသနာရေသောက်မြစ်တို့ ခြောက်ခန်းချိန် .......
သူငယ်ချင်းတို့ရေ ...မင်းတို့ဒီစာလေးကို ဖတ်ပြီး မင်းတို့ရဲ့
အတွေးအမြင်နဲ့ ခံစားချက်ကလေးတွေကို ပြန်လည်မျှဝေပေးပါလားကွယ်
....အဲဒါဆိုရင် တို့တွေအတွက် မင်းတို့ရဲ့ တန်ဖိုးရှိမယ့်အမြင်လေးတွေကို
ပြန်လည် သုံးသပ် တင်ပြချင်လို့ပါ ....
ညီမရေ . . .
ဒီတစ်ခေါက် စကားအဖြစ်နဲ့ ပြောဖြစ်ပေမယ့် အသေအချာကြီးကို
မဆွေးနွေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ပြောဖြစ်လိမ့်မယ် ထင်ပါရဲ့။
မကြာသေးမီက ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့ကလေးတစ်မြို့ကို
ခရီးထွက်ဖြစ်ပါတယ်။ အဲဒီမြို့ကလေးကနေ နေ့ဝက်ခရီးသာသာမှာရှိတဲ့ ရွာကလေး
တစ်ရွာ ကိုလည်း အရောက်သွားခဲ့ရပါတယ်။ ရွာကတော် အတော်ကလေး
အိမ်ခြေများပါတယ်။ ရွာဦးမတော့ ကိုးတောင်ပြည့်စေတီကြီးနဲ့
ရေကန်ကြီးတစ်ကန်လည်း မြင်လိုက်ပါရဲ့။ ပြီးတော့ ရွာဦးကျောင်းကြီးကလည်း
ဟည်းလို့ပေါ့။ ရွာကိုလေ့လာရေးလာတာ မဟုတ်လေတော့။ ကိုယ်ရေးကိုယ်တာ
ကိစ္စကိုပဲ ပထမ ဦးတည် လုပ်ရတာပေါ့။ ပြီးလို့ အချိန်နည်းနည်းရရင်တော့
ရွာဦးစေတီကြီးနဲ့ ဘုန်းကြိးကျောင်းကြိးကို သွားမယ်လို့ စိတ်ကူးထားလိုက်မိတယ်။ ကိစ္စစောစောပြိးတာနဲ့ ရွာခံနဲ့ သာရေးနာရေးစကားပြောမိမှပဲ ဒီဇာတ်လမ်းက စဖြစ်တော့တယ်။
ညီမရေ . . .
ဒီရွာမှာ ဗုဒဘာသာ ကိုးကွယ်တာ ဆယ်အိမ်တောင် မပြည့်ရှာတော့ဘူးတဲ့။
ပြီးတော့ အဲဒီ ဘုရား၊ ကျောင်းကန်ဟာ ဆရာဒကာနဲ့ မစည်ကားခဲ့တာ ဆယ်စုနှစ်
နှစ်စုလောက်တောင် ရှိပြီဆိုပါလား။ ဒီကျောင်းကြီးမှာလည်း ကျောင်းထိုင်ဆရာတော်အဖြစ် တောထွက်ရဟန်းကြိး တစ်ပါးသာ ရှိတော့သတဲ့။ ကိုးတောင်ပြည့်စေတီတော်ကြိးလည်း ထုံးသင်္ကန်းကပ်သူဝေးလို့ ဆီမိးရေချမ်းတောင် အပူဇော်မခံရတာ တော်တော်ကို ကြာခဲ့ပါပြီလို့
ရွာခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ၀မ်းပန်းတနည်း ပြောရှာပါရဲ့။
ညီမရေ . . .
အနားကြည်လို့ အလယ်နောက်တဲ့ ကောသလ္လအိပ်မက်ကတော့ အဲဒီနေရာမှာ
မှန်လိုက်လေလို့ ပြောရတော့မှာပဲ။ တို့ဗုဒဘာသာဝင်တွေ အင်္ဂလန်တို့ ဘာမင်ဂန်တို့ ပြင်သစ်တို့ အမေရိကန်တို့ မွန်ဘိုင်းတို့မှာ ရှိရှိသမျှ ဓနအင်အားတွေ ပုံအောပြီး သာသနာအထွတ်တင် လုပ်ငန်းကြီးတွေ လုပ်နေကြပေမယ့် တို့မြန်မာနိုင်ငံထဲမှာတော့ သာသနာ့ ရေသောက်မြစ်တွေ
ခမ်းခြောက်ကုန်ကြပါရော့လား။
ညီမရေ . .
ဒီကနေ သာသနာမှာ ဆရာအဖြစ် အားထားရမယ့် ဘုရားရှင်ရဲ့ သားရဟန်းတော်တွေကို ဘယ်နေရာကများ ပေါ်ထွက်လာကြပါလိမ့်။ ဘယ်နေရာကများ မွေးထုတ်ပေးလိုက်ကြတာပါလိမ့်။ ခပ်ရှင်းရှင်း မထောက်မညာ ပြောရရင် ကျေးလက်တောနယ်တွေကပဲ မဟုတ်လား။ ရန်ကုန်လို မြို့ကြိးပြကြိးကနေ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ဘယ်လောက်များ မွေးထုတ်ပေးနိုင်ခဲ့သလဲ
စဉ်းတော့စဉ်းစားစရာပါ ညီမရေ။ ဟုတ်ပါရဲ့ . . . မြို့ကြီးပြကြိးနဲ့ မနိးတဲ့ ကျေးလက်တောနယ်တွေကနေ တို့ဗုဒဘာသာဝင်တွေအတွက် ဆရာဖြစ်လာမယ့် ရဟန်းအလောင်းအလျာသာသနာအာဇာနည်တွေကို ရွာဦးကျောင်းအသီးသီးကနေ ဥပဇျယ် ဆရာတွေကနေ မွေးထုတ်ပေးလိုက်ကြတာ မဟုတ်လား။ အဲဒီကနေ မြို့ကြိးပြကြိးက
စာသင်တိုက်တွေရောက်လာ။ အလတ်တန်း အကြိးတန်းတွေ အဆင့်အဆင့်အောင်။
စာချဆရာတော်တွေဖြစ်လာ။ နောက်ဓမ္မစရိယအောင်ပန်းကို လက်လှမ်းနိုင်ခဲ့ကြတယ်
ဒိလိုမဟုတ်လား။
အခုတော့ သာသနာ့အညွန့်အဖူးကို မွေးထုတ်မယ့် ကျေးလက်က
ကျောင်းကန်ဇရပ်မှာ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတဲ့အပြင် သြကာသ
ကန်တော့ချိုးကို ဖြောင့်အောင်မရွတ်နိုင်ရှာတဲ့ ဒကာတွေနဲ့
မယားသေသားကွဲစိးပွားပျက်လို့ ရဟန်းဘောင်တက်လာတဲ့ တောထွက်ကြိးတွေကလည်း
ရှစ်ပါးသီလတောင် အနိုင်နိုင်ဆိုတော့ ဒီရွာနဲ့ ဒီသာသနာဟာ ရေရှည်မှာ
ရင်လေးစရာပါ။ ညီမရေ . . .။
နိုင်ငံတော် သံဃ၀န်ဆောင်ဆရာတော် တစ်ပါးကတော့ မိန့်ဖူးပါရဲ့။
ကျေးလက်ကို အခြေခံထားတဲ့ ဒီသာသနာမှာ သာသနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့
ကျေးလက်ဒေသမှာ သာသနာရေသောက်မြစ်တွေ ခမ်းခြောက်နေတာဟာ အချိန်မီကုစားရမယ့်
အရေးကြီးဆုံးအလုပ်လို့ မိန့်ပါတယ်။ ကျေးလက်ဒေသ ကနေ သာမဏေဘ၀ကစလို့ ဓမ္မစရိယ
အဖြစ် အဆင့်ဆင့်တက်လှမ်းလာခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်နှပါးများ ကျေးလက်ဒေသ
ကိုယ်မြေကိုယ် ရေမှာ သာသနာဝန်ထမ်းဖို့ စိတ်ကူးခဲ့ကြဖူးပါသလဲ။ ကိုယ်လို
ဓမ္မစရိယဆရာတော်တွေ ကိုယ်မြေမှာ ထွက်ပေါ်ဖို့ စိတ်များကူးမိကြပါလေစလို့
ဆရာတော်က မေးခွန်းထုတ်ခဲ့ဖူးပါတယ် ညီမရယ်။
ညီမရေ . . .
အဲသလို ကျေးလက်တောရွာမှာ ရှစ်ပါးသီလ ဖြောင့်အောင် မပေးတတ်တဲ့
တောထွက်ရဟန်းကြိးတွေ ရှိနေသေးတာကိုပဲ ကြံဖန်ကျေးဇူး တင်ရမယ်လို့
တက္ကသိုလ်က ကထိကဆရာတစ်ယောက်က ပြောခဲ့တယ်ကွဲ့။ ဘုရားကျောင်းကန်မှာ
ရဟန်းတော်တွေ တစ်ပါးမှ မရှိတော့တဲ့အဖြစ်တွေ ဖြစ်နေကြရလိုပါတဲ့။
ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဥက္ကံမြို့ ဘုရားကြိးတိုက်
ဘုရားကြိးဂိုဏ်း ဂိုဏ်းအုပ်ဆရာတော်ကြိးတစ်ပါးကတော့ ဘုရားကြိးဂိုဏ်း
ဓမ္မစက်ရောက်တဲ့ ကျေးရွာ သုံးဆယ်ကျော်ကျော်မှာ အနည်းဆုံး ဆယ့်ငါးရွာလောက်မှာ ကျောင်းထိုင်ဘုန်းကြီးမရှိတဲ့ ပြသနာကို ကျောင်းထိုင်ဘုန်းကြီး ရှာရတဲ့ဒုက္ခက မသေးဘူးလို့ မိန့်တော်မူပြန်တယ်။ ကျောင်းထိုင်ဘုန်းကြိးရပြန်တော့လည်း စောစောကရေးပြခဲ့သလို မယားသေ သားဆုံး စိးပွားပျက်လိုမို့ ရဟန်းဘောင်တက်လာတဲ့ တောထွက်ကြိးတွေနဲ့ပဲ
တ၀ဲဝဲလှည်ရရှာပြန်တာတဲ့ကွယ်။
ဒါဖြင့်ရင် ဒီတော ဒီနယ်တွေမှာ သာသနာ့အညွန့်အဖူးတွေ ပေါ်လာဖို့
ဝေးစွ။ ဗုဒဘာသာဆိုတာကို ပီပီပြင်ပြင် ကြည်ကြည်စင်စင် လမ်းပြပေးနိုင်မယ့်
ဆရာစစ်ဆရာကောင်းတောင် ပေါ်မလာနိုင်တာဟာ တို့ဘာသာ တို့သာသနာအတွက်
ဝမ်းနည်းစရာ မကောင်းပေဘူးလား။ ရွာငယ် ဇနပုဒ်တွေက ဂုဏ်ယူစရာကောင်းလောက်အောင် ဓမ္မစရိယအောင်ပန်းကို ဆင်မြန်းခဲ့တဲ့ တို့ဆရာတော်တွေ မဟာဓမ္မာစရိယကစလို့ ဟော အခုဆိုရင် အိန္ဒိယလို ထိုင်းလို သိရိလင်္ကာလို နိုင်ငံတွေမှာတောင် ဓမ္မနဲ့ပတ်သက်တဲ့ ပါရဂူဘွဲ့တွေ
ဆင်မြန်းနိုင်ဖို့ အားသွန်ခွန်စိုက် နေလိုက်ကြချိန်မှာ အခုတို့နိုင်ငံက အခုပစ္စက္ခအချိန်မျိုးနဲ့ ယှဉ်ထိုးကြည့်ရင်တော့ အင်း ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားတောင် ပြောမပြတတ်အောင်ပါပဲ။
တို့ကျေးလက်တောနယ်က ဓမ္မစာပေပါရဂူကြိးတွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းနေချိန်မှာတော့ ဒီသာသနာ ဒီဆရာတွေကို မွေးထုတ်ပေးလိုက်တဲ့ တို့ကျေးလက်တောနယ်မှာတော့ ဘုရား နဲ့ဇရပ်ကျောင်းမှာ ဟောင်းလောင်းကြိး ဖြစ်ကုန်ကြပါ့ပေါ့လား။ ဆရာမရှိရှာတဲ့ အဲသည့် ကျောင်းကန်ဇရပ်မှာ ဒကာတွေ ဘယ်နယ့်သာသနာ့ပြုကြရပါ့။
ညီမရေ . ..
လွန်ခဲ့တဲ့ 2000 ပြည့်နှစ်တုန်းက မုန်တိုင်းမဆင်သေးတဲ့
ဧရာဝတီတိုင်းဘက်က ကျေးရွာတော်တော်များများကို ရောက်ခဲ့ရစဉ်တုန်းက
ဒီပြသနာကြိးကို ရိပ်စားမိပေမယ့်ေ၇ရှည်ကို မတွေးခဲ့မိတာ ၀န်ခံရမှာပါ။
ရှားရှားပါးပါး အကြီးတန်းအောင်ပြီးတဲ့ ရဟန်းတော်လေးတစ်ပါးကတော့
သူမြေသူရေမှာသူဘိုးဘွားက လှူဒါန်းထားတဲ့ ဘုရားကျောင်းကန်အတွက်
တက်လမ်းမရှာတော့ဘဲ အခြေချပြီးသာသနာပြုနေတယ်ကြားတော့ ၀မ်းသာအားရ
ရှိလိုက်တာ။ ဒါမှ သာသနာအာဇာနည်ကွလို့ ကိုယ်ဘာသာကိုယ့် သတ်မှတ်ထားတဲ့
စံနှုန်းနဲ့ တိုင်းပြိး ၀မ်းသာပိတီဖြစ်ရတယ်။ ရွာကကလေးငယ်တွေအတွက်
ယဉ်ကျေးလိမ္မာသင်တန်းပေးလို့ သာမဏေငယ်တွေ မွေးထုတ်မယ်ဆိုတော့
ဒီရဟန်းတော်ကလေးအတွက် နှစ်ထောင်းအားရ ရှိလိုက်တာလေ။
ညီမရေ. ..
မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြိးဟာ သူ့သက်တမ်းတစ်လျှောက်မှာ
အဓိကကျတဲ့လုပ်ငန်း တစ်ခုဟာ သူလို တိပိဋကတွေ နိုင်ငံအနှံအပြားက
ပေါ်ထွန်းလာရေးပဲလို့ သိရပြန်တယ်ကွဲ့။ အဲသလို ကြိုးပန်းခဲ့လိုလဲ တိပိဋက
အောင်ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် မင်းကွန်းမှာ ပွင့်ခဲ့တာ ကမ္ဘာအသိပါ
ညီမရယ်။ ရန်ကုန်မြို့ကမ္ဘာအေး တိပိဋက ဆရာတော် ဥူးသုမင်္ဂလလင်္ကာရကတော့
သာသနာအညွန့်အဖူးတွေ ပေါ်ဖို့ သာမဏေကျော်စီမံကိန်းကြီး ရေးဆွဲခဲ့တယ်
မဟုတ်လား။ ဟော သီတဂူဆရာတော်ကြီးကလည်း စစ်ကိုင်းတောင်ရိုးမှာ
သီတဂူကမ္ဘာ့ဗုဒတက္ကသိုလ်ကြီး တည်ထောင်လို့ သာသနာအာဇာနည်တွေ
တစ်ပါးပြိးတစ်ပါး မွေးထုတ်လို့ တာဝန်ကျေခဲ့ကြတယ် မဟုတ်လား။ စောစောက
ရေးခဲ့သလို ဥက္ကမြို့ ဘုရားကြိးတိုက်ရဲ့ ဓမ္မစက်အောက်မှာရှိတဲ့
ရွာကလေးအကြောင်း ဆက်ကြဦးစို့ရဲ့။ အစ်ကိုရောက်သွားတဲ့ရွာဟာ
ဥက္ကြုံမို့အပိုင်က ဘုရားကြီးတိုက်ဓမ္မစက်ရောက်တဲ့ ပဋ္ဌာန်းကုန်းဆိုတဲ့ရွာပါ။
ညီမရေ . .
တကယ်တော့ အဲဒိရွာဟာ ဥက္ကံမြို့ကနေ လှည်းဆင့်လိုက်ရင် နေ့ဝက်သာသာမို့
ခုလို ဆိုင်ကယ်ခေတ်၊ ထော်လာဂျီခေတ်မှာ 3 နာရီသာသာခရိး ရယ်ပါ။
မြို့တော်ရန်ကုန်နဲ့ ဥက္ကံဟာ လေးနာရီသာကြာတာမို့ ရန်ကုန်ကနေ အဲဒီရွာကို
မနက် ခြောက်နာရီလောက်ထွက်ရင် မွန်းလွဲ 1 နာရီမထိုးခင် ရောက်တာမို့
အဲသည်လောက် ခရီးလေးမှာ သာသနာကွယ်ရတော့မှာမို့ တော်တော်ကို
စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
ညီမရေ . . .
ဒိရွာဟာ အစ်ကို စာအစမှာရေးပြခဲ့သလို ကျောင်းကြီးရခိုင်နဲ့
ကိုးတောင်ပြည့်စေတီကြိးနဲ့ပါ။ အခုတော့ စာဖြူလို့ခေါ်ကြတဲ့ခရစ်ယန်
ဘာသာဝင်တွေ များလာတာမို့ တို့ဘာသာအရေအတွက်ဟာ
ဆယ်အိမ်တောင်မကျန်တော့ဘူးတဲ့။ တို့ဘာသာဝင်တွေ နည်းတာမို့ ရွာဦးကျောင်းက
တောထွက်ရဟန်းကြိး ခင်ဗျာလည်း ဆွမ်းကွမ်းခက်ရှာပေမပေါ့။ ရွာကလည်း ဆင်းရဲ။
ရိုးမက ဆင်အုပ်ကလည်း သတင်းတွေထဲပါသလို နေနေညညဆိုတော့ ခင်ဗျာများမှာ ဘုရား
တရားလည်း ဂရုစိုက်နို်င်ပုံ မရရှာပေဘူး။ ဒါပေသိ ပဌာန်းကုန်းက
တောထွက်ရဟန်းကြိးကတော့ သူ့နည်းသူဟန်နဲ့ တို့ဘာသာ တို့သာသာနာ
တော်ကြိးအတွက် နိုင်ရာတာဝန်ထမ်းနေပုံကတော့ အားကျစရာပါ။ ဥက္ကံမြို့က
တရားခွေတွေအလှူခံပြိးတော့ နံနက်တိုင်း ရွာဦးကျောင်းကနေ တရားခွေတွေ
ဖွင့်တယ်။ ဆွမ်းမရတဲ့နေမှာတော့ မြို့ကအလှူခဲ့လာတဲ့ ပေါက်မုန့်ခြောက်နဲ့
နို့ဆီသုတ်စားပြိး အသက်ဆက်သာသနာပြုရရှာတယ်ကွယ်။ ၀ါတွင်းဆိုရင်
ဆွမ်းကွမ်းလုံးလုံးမရတော့တဲ့အပြင် ကျောင်းမယ် ဝေယျဝစ္စလုပ်မယ့်
ဒကာတွေတောင် မရှိလေတော့ ရွာဦးကျောင်းကြီးကို ပစ်ပြိး
ဥက္ကံဘုရားကြီးတိုက်မှာ ကျောင်းသားတစ်ယောက်လောက် ၀ါတွင်းမယ်ရဖို့အရေး
အတင်းအကျပ်တောင်းရရှာသတဲ့။
ညီမရေ
တို့ရွာဦးမတော့ ကျောင်းကန်ဇရပ်စေတီနဲ့ တို့ဗုဒဘာသာ
ရဟန်းတော်တစ်ပါးရှိနေသေးတယ်ဆိုတဲ့ အသိကလေး တို့ဗုဒဘာသာဝင်တွေ ရင်ထဲ
ရောက်ဖို့ အခြားဘာသာဝင်တွေ ရင်ထဲမလဲ ဒီအရပ် ဒီဒေသမှာတော့
ဗုဒဘာသာအောင်လံကြီး လွှင့်ထူထားပါလား ဆိုတဲ့အသိလေး ရင်ထဲရောက်နိုင်ဖို့
ငတ်တလှည့်ပြတ်တလှည့်နဲ့ သာသနာအောင်လံကြိးကို အနိုင်နိုင်လွှင့်နေရဆဲပါ။
ညီမရေ
နိုင်ငံတကာမှာ သာသာနာပြုနိုင်ဖို့အတွက် ဗုဒစာပေပါရဂူတွေ
တစ်ပါးတစ်ပါး တာဆူနေတာဟာ တို့ဘာသာ တို့သာသနာအတွက်တော့ ၀မ်းမြောက်ပီတိ
ဖြစ်ရပေမယ့်။ ဒီရဟန်းတော်တွေကို မွေးထုတ်ပေးလိုက်တဲ့
ကျေးလက်တောနယ်တွေမှာတော့ နောက်ထပ်သာသာနာ့မျိုးဆက်တွေ မပေါ်တော့မယ်
အခြေအနေအတွက် ၀မ်းနည်းနေရဆဲပါ။ ဒိအခြေအနေမှာတော့ ပုဂံခေတ်က
ပုဂံပြည်ကြီးကို ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံဧကရာဇ်ဆီ အရောက်သွားခဲ့တဲ့
ရှင်ဒီသာပါမောက်လို့ “ပုဂံပြည်ကြီးကို ရေသွန်းလောင်းပါဦး”” လို့
ဆိုခဲ့သလို ““သာသနာရေသောက်မြစ်တွေကို ရေသွန်းလောင်းပါဦး အရှင်ဘုရားတို့
ဘုရား””လို့ တောင်းပန်လျှောက်ထားရင်းဒိစာကို အဆုံးသတ်ရမှာပါပဲ။
အစ်ကို
အောင်စည်ဟိန်း
ပေးပို့သူ။ ဒေါက်တာအိန္ဒောဘာသ(မာဂဓ)
Sunday, July 12, 2009
သာသနာရေသောက်မြစ်တို့ ခြောက်ခန်းချိန် .......
Sunday, July 5, 2009
ဝါဆိုအကြောင်း သိကောင်းစရာ..
6th July, ဝါဆိုလပြည့်။
ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ…။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ…၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ… စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဝါဆိုဝါကပ်ခြင်းဟူသည်…
ဝါဆိုဝါကပ်တယ်ဆိုတာ “၀ိနည်းတော်အရ သတ်မှတ်ထားတဲ့ မိုးရာသီကာလတွင် အခြားအရပ်ဒေသသို့ ညအိပ်ညနေ ကြွရောက်ခြင်းမရှိဘဲ မိမိတိုင်ဆိုင်ရာ ကျောင်းအရမ်အတွင်းမှာသာ နေထိုင်သီတင်းသုံးပါမည့် အကြောင်း ဘုရားရှင်နှင့် သီတင်းသုံး သံဃာတော်များရှေ့တွင် နှုတ်မှမြွက်ဆို ကတိပြုခြင်းနှင့် ထိုကတိပြုမြွက်ဆိုထားသည့် ကာလအတွင်း ကျောင်းတိုက်အရာမ်တွင်းမှာသာ ကပ်ရောက်နေထိုင်ခြင်း” ကို ဆိုပါတယ်။
ဝါဆိုခြင်းအစဉ်အလာ စတင်ခြင်း
ဒီဝါဆိုဝါကပ်ခြင်း အစဉ်အလာသတ်မှတ်ချက် ၀ိနည်းဥပဒေဟာ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေမဟုတ်ပါဘူး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ၀ိနည်းပညတ်တော်ဖြစ်ပါတယ်။ ဒီဥပဒေသတ်မှတ်ချက် ဖြစ်ပေါ်လာပုံမှာ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ ဒီတုန်းက မြတ်စွာဘုရားအနေဖြင့် ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ မရှိသေးတဲ့အတွက် ရဟန်းတော်များဟာ နွေးမိုးဆောင်း ဥတုသုံးပါးလုံးမှာ အချိန်မရွေး မိမိတို့သင့်ရာ နေရာများကို လှည့်လည်ကြွရောက်လေ့ ရှိကြပါတယ်။ အဲလိုကြွတဲ့အခါ မိုးတွင်းကာလမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများဟာ ရဟန်းတော်များ ဖြတ်လျှောက်သွားကြလို့ ပျက်ဆီးမှုတွေ ရှိလာပါတယ်။ ဘုရားလက်ထက်ကတော့ ဘယ်ကြွကြွ ခြေလျင်ပဲ ကြွကြရတာဖြစ်လို့ လယ်ကွင်းစိုက်ခင်းများကပဲ ရဟန်းတော်များ ဖြတ်သန်းသွားလာကြရပါတယ်။ နွေရာသီ ဆောင်းရာသီများမှာ ပြဿနာမရှိပေမယ့် မိုးရာသီမှာတော့ စိုက်ပျိုးမှုများ ရှိလာပြီး ရဟန်းများကြောင့် သီးနှံစပါးစိုက်ခင်းများ ပျက်ဆီးလာတဲ့အတွက် လူတွေဟာ ကဲ့ရဲ့လာကြပါတယ်။ ဒီအကြောင်းကို ဘုရားရှင်က သိရှိတော်မူပြီး မိုးရာသီကာလတွင် ၀ါဆိုဝါကပ်ခြင်းကို ပြုကြရမယ်၊ ၀ါမဆိုမကပ်ပါက ဒုက္ကဋ်အာပတ်သင့်စေဟု ၀ိနည်းဥပဒေ ပညတ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၀ါဆိုဝါကပ်ခြင်း အစဉ်အလာ ဥပဒေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဝါဆိုကာလ သတ်မှတ်ခြင်းနှင့် ၀ါနှစ်မျိုး
ဝါဆိုရမယ်လို့ ဥပဒေ၀ိနည်းပညတ်ပြီးနောက် ဘုရားရှင်က ၀ါဆိုရမယ့် ကာလကိုလည်း အတိအကျ သတ်မှတ်ပေးပါတယ်။ ၀ါဆိုဝါကပ်ခြင်းကို ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ပြုလုပ်နိုင်ပြီး အဲဒီလို ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ(ရှေ့)၀ါဆိုခြင်းလို့ ဆိုပါတယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း မလုပ်နိုင်ကြတဲ့ ရဟန်းတော်များ အနေဖြင့် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကိုတော့ ပစ္ဆိမ(နောက်)၀ါဆိုခြင်းလို့ ဆိုပါတယ်။
ပုရိမ၀ါလို့ခေါ်တဲ့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ါထွက်ဝါကျွတ်ပြီး ပစ္ဆိမ၀ါလို့ခေါ်တဲ့ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များကတော့ တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါထွက်ဝါကျွတ်ပါတယ်။
ဝါပန်ခြင်းနှင့် ၀ါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ တစ်ခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ၀ါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ၀ါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ၀ါပန်တယ်လို့ ဆိုပါတယ်။ ၀ါဆိုဝါကပ်ပြုပြီး ၀ါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ၀ါကျိုးပါတယ်။
ဝါကျိုးခြင်းနှင့် ၀ါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ၀ိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ၀ါကျိုးရင်ကိုပဲ ၀ါမရဘူး ဒီကျိုးတဲ့ ၀ါကို ၀ါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ၀ါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ၀ါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၀ါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ၀ါဆိုဝါကပ်ပျက်ခြင်း ၀ါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိကမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ၀ါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ၀ါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဘုန်းဘုန်း ဦးဝိစိတ္တ http://phonephonevi.blogspot.com မှ ကူးယူဖေါ်ပြပေးပါသည်။
ပေးပို့သူ ဒကာဖိုးသား။
Wednesday, July 1, 2009
ဝါဒသူခိုး ခေတ်သစ် သုသီမ
30th June, 2009
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A (Philo) M.A. (Buddhism) ဖြေဆိုသည်
***
ဆရာတော် အရှင်မြတ်ဘုရား၊
သိလိုရေးနှင့် မေးလျှောက်အပ်ပါသည် -
လော့စ်အိန်ဂျယ်လိစ်က ထုတ်တဲ့ စာစောင်တစ်ခုမှာ ပစ္စုပ္ပန်ကမ္မဝါဒဟု ဖတ်ရပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာ ဗုဒ္ဓဝါဒနှင့် ပတ်သက်ပါသလား။ ဓမ္မ စကြာသုတ်ကို အဲဒီဝါဒနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုသည်ဟုလည်း ဆိုပါ သည်။ ဖြစ်နိုင်ပါသလား။ 'ကာမဂုဏ်ချမ်းသာကို ပြန်ရဖို့ ဒါနသီလ ဘာ ဝနာ ကောင်းမှုတွေကို ပြုရင် ကာမသုခလ္လိကာနုယောဂအကျင့်'လို့ ဆို ထားပါသည်။ တစ်ဖန် 'အတ္တကိလမထာနု ယောဂအကျင့် ဆိုတာ ရူပ အရုပဈာန် အကျင့်တွေသာ ဖြစ်တယ်' ဟုလည်း ဆိုပါသည်။ အဲဒီ အဆို တွေ ဟုတ်ပါသလား။
ကာမသုခလ္လိကာနုယောဂအကျင့် နှင့် အတ္တကိလမထာနု ယောဂ အကျင့်တို့၏ ကျမ်းဂန်ထွက်အစစ် အဓိပ္ပာယ်မှန်ကို သိလိုပါသည်။ ဆောင်း ပါးရေးသူက သူ့အဆို အချို့ကို 'ပိဋကမှာ တွေ့ပါတယ်'ဟုလည်း ဆိုပါ သည်။ ဖြစ်နိုင်ပါသလား။ ထိုဆောင်းပါးမှာပင် 'ဒုက္ကရစရိယာ အကျင့်ဆို တာ ဘယ်လို ကျင့်သုံးနေထိုင်ခြင်း ဖြစ် တယ်လို့ အသေးစိတ် ရှင်းပြချက် မတွေ့ရပါဘူး' ဟုလည်း ဆိုပါသည်။ မှန်ပါသလား။ ဖြေကြားပေးစေလို ပါသည်။
တောက်ထက်၊ သုတမြေ
မေးခွန်းပါ အတိုင်းဆိုရင် ဗုဒ္ဓဝါဒအစစ်အမှန်ကို ထင်ယောင် ထင်မှား ဖြစ် စေမယ့် ရေးသားချက်မျိုး ဖြစ်နေလို့ မေးလည်း မေးသင့်တယ်၊ ဖြေလည်း ဖြေဆိုပေးသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသနာကို မြတ်နိုး နှစ်သက်သူ ဗုဒ္ဓဝါဒီတို့ သမ္မာအမြင် ရှိထားဖို့ လိုပေလိမ့်မယ်။ ဒါ ဟာ ဖြေဆိုသူရဲ့ ရည်ရွယ်ချက်ပါ။ ဝါဒ တစ်ရပ်ကို တင်ပြမယ်ဆိုရင် သတ္တိ ရှိသင့်တယ်။ ဦးပွ ကိုယ်တိုင် တွေးခေါ် တင်ပြတဲ့ 'ဦးပွဝါဒ'၊ ကြိုက်ရင် ယူ၊ မကြိုက်ရင် ဆောရီး ပေါ့။ အဲဒီလိုပဲ ဖြစ်သင့်တယ်။ ဘာလို့ ဗုဒ္ဓဝါဒပါလို့ ပြောနေအုံးမှာလဲ။ အိန္ဒိယမှာ ဗုဒ္ဓဝါဒ ကွယ်ပျောက်ရတာဟာ အဲဒီလို ပူးသတ်ခံရလို့ပဲ။
ကာလသုံးပါး
ပဋိစ္စသမုပ္ပါဒ်ဒေသနာကို လေ့လာဖူးရင် ဗုဒ္ဓဟောတဲ့ ကမ္မဝါဒဟာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဆိုတဲ့ ကာလ သုံးပါးလုံးနဲ့ ပတ်သက်တယ် ဆိုတာကို ရှင်းလင်းစွာ တွေ့ပါလိမ့်မယ်။ ပစ္စုပ္ပန်ကမ္မဝါဒကိုပဲ လက်ခံတယ်ဆိုရင် ဗုဒ္ဓ ဝါဒ မဟုတ်ဘူး။ ဆောင်းပါး ရေးသူရဲ့ ဝါဒပဲ ဖြစ်လိမ့်မယ်။ အဲဒီဝါဒကို လက်ခံထားသူက ဗုဒ္ဓဝါဒီပါလို့ဆိုရင် ဗုဒ္ဓဝါဒကို စော်ကားတာပဲ။ ကျုပ်က ဖန်ဆင်းရှင်ကို မယုံတဲ့ ခရစ်ယန် အစစ်ပါလို့ဆိုရင် ခရစ်ယန်ဝါဒကို စော် ကားရာကျသလိုပဲ။
ဓမ္မစကြာလက်သစ်
မိမိယူဆချက် ခိုင်လုံဖို့နဲ့ ခွန်အားရှိဖို့ ဗုဒ္ဓကျမ်းဂန်ကို ကိုးကားချင် သပ ဆိုရင် မည်သူမဆို ကိုးကားခွင့် ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓ ဟောလိုရင်း အဓိပ္ပာယ်နဲ့ မိမိယူဆချက်ဟာ တစ်ထပ်တည်းတော့ ဖြစ်ရမယ်။ ကိုယ်ယူ ဆတာက တစ်မျိုး၊ ဗုဒ္ဓဟောတာက တစ်ခြားဆိုရင် ဒီကိုကားမှုဟာ မမှန် ဘူး။ ဓမ္မစကြာသုတ်မှာက အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန် ရှိပြီးသားဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီတဲ့ အခြားရှုထောင့်တစ်ခုက သုံးသပ်ပြတယ် ဆိုရင် တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့ လုပ်သလို ဓမ္မစကြာလက်သစ်ပဲ ဖြစ်မယ်။
ဘုန်းကြီးအနေနဲ့ ဓမ္မစကြာသုတ်ထဲမှာ ပစ္စပ္ပန်ကမ္မဝါဒ ဆိုတာနဲ့ ကိုက်ညီတဲ့ အတွေးအမြင်ကို လုံးဝ မတွေ့မိပါဘူး။ ပစ္စုပ္ပန် ကမ္မဝါဒဆို တာနဲ့ ဓမ္မစကြာသုတ် ဘာမှ မဆိုင်နိုင်ပါဘူး။ ကျုပ်ဝါဒ ကတော့ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူး၊ ကျုပ်ယူဆတာကို ကျုပ်ရေးတာ ဆို ရင် ရှင်းပါတယ်။ ဘာမှ တုံ့ပြန်နေစရာလည်း မလိုပါဘူး။
ကာမသုခလ္လိကာနုယောဂ
ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်မယ့် ဗုဒ္ဓလောင်းလျာဟာ ...
'သဗ္ဗညုတံ ပါပုဏိတွာ၊
သန္တာရေဿံ သဒေဝကံ'လို့
ဆုံးဖြတ်ခဲ့ပါတယ်။ အဓိပ္ပာယ်က 'ဗောဓိÓာဏ်ကို ရပြီးရင် နတ်လူတွေကို ဘဝသံသရာမှ ကယ်တင်မယ်'တဲ့။ ဗုဒ္ဓလောင်းလျာဟာ ဇနီး မယား သမီး သားနဲ့ ကိုယ်အသက်ကိုပါ ပေးစွန့်ရာမှာ ရည်ရွယ်ချက်က ဗောဓိဉာဏ်ကို ရဖို့ပဲ။ တစ်နည်းပြောရင် ဗောဓိဉာဏ်ကို ရဖို့ ရင်းနှီးခဲ့တာပဲ။ ဒါန သီလ ဘာဝနာထဲက ဘာကောင်းမှုပဲ ပြုပြု ရည်ရွယ်ချက်တော့ ရှိကောင်းပါ တယ်။ 'အလိုရှိရာကို တောင့်တ (ဆုတောင်း)၍ သမဏ ဗြာဟ္မဏတွေကို ထမင်းအဖျော်စတဲ့ လှူဖွယ်ဝတ္ထုကို ပေးလှူရင် အလိုရှိတဲ့ သူဌေး သူကြွယ် အဖြစ်နဲ့ လူ့ ဘဝ၊ ထိုထက်မြင့်တဲ့ နတ်ဗြဟ္မာဘဝတွေကို ရနိုင်တယ်'လို့ သင်္ဂီတိ သုတ် (ဒီ ၃၊ ၂၁၄)မှာ ဗုဒ္ဓကိုယ်တိုင် ဟောထားပါတယ်။
သူဌေးဖြစ်ချင်လို့ပဲ လှူလှူ နတ်ဖြစ်ချင်လို့ပဲ လှူလှူ အဲဒီလို လှူတဲ့ အတွက်တော့ လောကလူသားတွေမှာ အနည်းနဲ့အများ ကောင်းကျိုး ရကြ တာပါပဲ။ ဥပမာ ဆေးရုံကြီးတစ်ခု ဆောက်လှူတယ် ဆိုပါတော့။ အလှူ့ ရှင်က အဲဒီကောင်းမှုရဲ့ အကျိုးအနေနဲ့ ဘာပဲဖြစ်ချင် ဖြစ်ချင် ပထမဆုံး အဲဒီက နယ်သူနယ်သား အများကောင်းကျိုး ရတာပဲ မဟုတ်လား။ အဲဒါကို ဘယ်လိုလုပ်ပြီး ကာမသုခလ္လိကာနုယောဂလို့ ဆိုနိုင်မှာတုန်း။ 'သူတပါး အကျိုး၊ အများအကျိုး၊ လူသားလောက အကျိုးကို ရည်စူး ဦးတည်ခြင်းရှိ ပြီး' ကိုယ့်အိတ်ထဲက ပစ္စည်းနဲ့ ဒုက္ခရောက်သူတွေကို ဘယ်လောက် လှူ ဒါန်းပြီးပြီလဲလို့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ကြည့်သင့်ပါတယ်။
အခက်အခဲနဲ့ ကြုံနေလို့ စိတ်တွေ ရောက်ရက် ခတ်နေတဲ့ အခါ အဓိဋ္ဌာန်ပြုပြီး ပုတီးစိပ်လိုက်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ အတွေးအကြံ ကောင်းတွေ ရပြီး ဆုံးဖြတ်ချက် မှန်ကန်လို့ လောကီ ကိစ္စတွေလည်း အောင်မြင်သွားတာပေါ့။ ပုတီးစိပ်တာဟာ ဗုဒ္ဓဝါဒီအဖို့ အောက်ဆုံး အဆင့် ပါ။ အဲဒီကနေ စစ်မှန်တဲ့ ဝိပဿနာအဆင့် ကို တက်သွားနိုင်တာပဲ။ ဒါကို ကာမသုခလ္လိကာနုယောဂပါလို့ ဘာ လို့ အပြစ်တင်နေမလဲ။ ဗုဒ္ဓရဲ့ ညီတော် ရဟန္တာကြီး အရှင်နန္ဒ ရဟန်းဝတ်ခဲ့တာဟာ နတ်သမီးတွေကို လိုချင်လို့ပါ။ သာသနာအစ သို့မဟုတ် ဘာသာရေး လုပ်ခါစမှာ အဲဒါလေးတွေတော့ ရှိ တတ်ပါတယ်။ ကာမသုခလ္လိကနဲ့ ဘာမှ မဆိုင်ပါဘူး။
ဘဝတစ်လျှောက်လုံး ကာမချမ်းသာကိုချည်း ခံစားမနေဘဲ သင့် တင့်တဲ့ အစားအစာ၊ အဝတ်တန်ဆာနဲ့ နေထိုင်စရာတွေကို သုံးဆောင်ပြီး ဝိမုတ္တိသုခကို ရအောင် အားထုတ်နိုင်ဖို့ ကာမသုခလ္လိကာ နုယောဂကို ပယ်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီအစွန်းကို ပယ်ရတဲ့ အဓိက ရည်ရွယ်ချက် ပါ။ ဒီအကျင့်ရဲ့ အဓိပ္ပာယ်မှန်ကို လယ်တီ၊ မဟာစည်၊ တောင်မြို့စတဲ့ ပိဋ ကတ်အိုးကွဲ ဆရာတော်ကြီးတွေ ဖွင့်ဆိုထားပြီးသားပါ။ ရှာဖွေ ဖတ်ရှုရုံပါပဲ။
အတ္တကိလမထာနုယောဂ
'အတ္တကိလမထာနုယောဂ အကျင့်ဆိုတာ ရူပ အရူပဈာန် အကျင့် တွေသာ ဖြစ်တယ်'ဆိုရင် တက်တက်စင် လွဲတာပဲ။ ကြံကြီး စည် ရာ။ ဒီအတိုင်း ဆက်ရေးရင် ရေးလေ လွဲလေ ဖြစ်နေမှာပဲ။ သူ့အဆို အရဆိုရင် ရူပဈာန် လေးပါးနဲ့ အရူပဈာန် လေးပါးဆိုတဲ့ သမာပတ် ရှစ်ပါးကိုရတဲ့ ရဟန္တာတွေအားလုံး အတ္တကိလမထအကျင့်ကို ကျင့် လို့ ရတယ်လို့ ဆိုရတော့မှာပေါ့။ ဆောင်းပါးရှင်ဟာ အဲဒီ 'ရုပဈာန် အရူပဈာန် အကျင့်'ဆိုတာကို သိအောင် အရင် လုပ်သင့်တယ်။
ငါးပါး ရှစ်ပါးသီလကို သီလလို့ သာမန်ခေါ်ပြီး ရဟန်းတို့ရဲ့ ပါတိ မောက္ခသံဝရသီလကို အဓိသီလလို့ ခေါ်ပါတယ်။ ဝဋ်အခြေပြု လောကီ သမာပတ်ရှစ်ပါးကို စိတ္တလို့ သာမန်ခေါ်ပြီး ဝဋ်ကထွက်မြောက်တဲ့ လော ကုတ္တရာ သမာပတ်ရှစ်ပါးကိုတော့ အဓိစိတ္တလို့ ခေါ်ပါတယ်။ ကမ္မဿ ကတာပညာကို ပညာလို့ သာမန်ခေါ်ပြီး ဝိပဿနာပညာ မဂ်ပညာ ဖိုလ် ပညာတွေကို အဓိပညာလို့ ခေါ်ပါတယ်။ ဒါက ဗုဒ္ဓဝါဒရဲ့ ကျင့်စရာ အနှစ် သာရ သုံးပါးပါ။ အဲဒီအထဲက စိတ္တကို အကြောင်းပြုပြီး အဓိစိတ္တကို ရရှိနိုင် ပါတယ် (ဝဋ္ဋ္ဋပါဒိကာ အဋ္ဌသမာပတ္တိယော ဥပါဒါယ ဝိပဿနာပါဒိကာ အဋ္ဌသမာပတ္တိ-ယော အဓိစိတ္တံ နာမ (အဘိ-ဋ္ဌ ၂၊ ၃၉၅)။
ဒုက္ကရစရိယာ
'ဒုက္ကရစရိယာဆိုတာ ဘယ်လို ကျင့်ခဲ့သုံး နေထိုင်ခြင်း ဖြစ်တယ်လို့ အသေးစိတ်ရှင်းပြချက် မတွေ့ရပါဘူး'လို့ ဆိုရင် ဆောင်းပါး ရေးသူဟာ မဟာသီဟနာဒသုတ် (မ ၁၊ ၉၇)၊ မဟာသစ္စကသုတ် (မ ၁၊ ၃ဝ၁) စတာ တွေကို မဖတ်ဖူးလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီသုတ် တွေမှာ ဒုက္ကရစိယအကျင့် အကြောင်းကို ဗုဒ္ဓကိုယ်တိုင် အသေးစိတ် ဟောကြားထားပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ အကြောင်းကို ရေးတော့မယ်ဆိုရင် ဗုဒ္ဓဝါဒဆိုင်ရာ ဗဟု သုတ အတော်အတန်တော့ ရှိသင့်တာပေါ့။ ပါဠိတော်ကြီးမှာ တိုက်ရိုက် ပါနေတာပဲ။ ဆောင်းပါးရှင်ဟာ ထေရဝါဒဗုဒ္ဓဓမ္မ အစစ်အမှန်ကို တကယ် စေတနာနဲ့ တင်ပြချင်တယ် ဆိုရင် ယောနိသော မနသိကာရ (အသင့်တွေး နှလုံးသား)နဲ့ မူရင်း ဗုဒ္ဓကျမ်းဂန်တွေနဲ့ အဲဒီကျမ်းဂန်တွေကို တတ်သိတဲ့ ပုဂ္ဂိုလ်တွေ ဖွင့်ဆိုထားတာတွေကို အများကြီး ရှာဖွေ လေ့လာ ဖတ်ရှုရ ဦးမယ်လို့ သုံးသပ်မိပါတယ်။
ခေတ်သစ်သုသီမ
'လူသေသော် လူမဖြစ်လျှင်လ
ဘာဖြစ်မှာတုန်း၊
ရွှေပျက်လျှင်
မြေထွက်နွယ် အဝင်ပေမို့
တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ်
လောကစံထုံး' (လူသေလူဖြစ်၊ စာ-၃ဝ၁) ...
လို့ ဦးဥက္ကဋ္ဌက ဆိုလိုက်တော့ အဆွယ်ကောင်းတာနဲ့ ဗုဒ္ဓဝါဒရေးရာ ဗဟု သုတ အခံမရှိတဲ့ စာဖတ်သူ အချို့အနေနဲ့ နားယောင်ပြီး မျက်စိလည် စရာပါပဲ။
ဒါပေမယ့် အတော်အတန် ဉာဏ်ရှိခဲ့ရင် ဒီလိုလေး ဆက်ပြီး စဉ်း စားကြည့်လိုက်နိုင်မှာပါ ...
'လူသေသော် လူမဖြစ်လျှင်လ
ပါယ်နတ်စစ် နိဗ္ဗူတာ
မှန်စွာပ ဖြစ်ထုံး၊
ရွှေနှင့်လူ
လုံးလုံးပင် ခန်မတူလို့
စံတမူ မှားရာက မှောက်ပေပေါ့
နာမ်တဆူ ကြားမှာ ပျောက်တယ်ကွယ်
သားမျောက် ကတုံး'။
(ဟုတ်တယ်လေ၊ ရွှေမှာက အဆင်းရုပ်ဆိုတဲ့ ရူပက္ခန္ဓာပဲရှိပြီး လူက ရုပ်ရောနာမ်ပါ ခန္ဓာငါးပါး ရှိတယ်။ ဒါကြောင့် ဥပမာနဲ့ ဥပမေယျ မဟပ်စပ်တဲ့အတွက် အမှားကြီးမှားတယ်လို့ ဆိုလိုက်တာပါ)။
အဲဒီလို တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့လည်း သူတို့ ရေးပြော တာတွေမှပဲ ဗုဒ္ဓဝါဒအစစ်အမှန် ဟုတ်သလိုလို၊ လယ်တီစတဲ့ ဆရာတော် ကြီးတွေရဲ့ အယူအဆတွေက ဗုဒ္ဓဝါဒ အတုအယောင် ဖြစ်နေသလိုလို လုပ် ကြံ ရေးပြောခဲ့ကြဖူးပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့သလဲ ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။
ဗုဒ္ဓလက်ထက်က ရာဇဂြိုဟ်မြို့သား သုသီမလို့ ခေါ်တဲ့ ပရိဗိုဇ် ဟာ ဗုဒ္ဓဝါဒကို သူ့ရဲ့ တိတ္တိဝါဒထဲမှာ ထည့်ပြီးဟောရင် သူ့တရားနဲ့ သူ့ဝါဒကို လူကြိုက် များမှာပဲဆိုပြီး အမည်ခံ ဗုဒ္ဓဝါဒီအဖြစ်နဲ့ ဗုဒ္ဓသာသနာထဲကို ဝင် ရောက်ပြီး ရဟန်းဝတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဝါဒခိုးဖို့ ကြံစည်သူ သုသီမ ကတော့ ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ဓကိုယ်တိုင်နဲ့ တွေ့လို့ ရဟန္တာ ဖြစ်သွားခဲ့တာကိုး (သံ ၁၊ ၃၄ဝ)။
ဒီလို ဗုဒ္ဓဝါဒကို ခိုးယူတဲ့ ဝါဒသူခိုးသူတွေဟာ ခေတ်အဆက် ဆက်မှာ ရှိတာပဲ။ ရှိလည်း ရှိနေဦးမှာပဲ။ ဗုဒ္ဓဝါဒဖက်က ကြည့်ရင် ဒိလို လူတွေဟာ ဗုဒ္ဓဝါဒကို ရှုပ်ထွေး မှေးမှိန်အောင် ကွယ်ပျောက်အောင် လုပ် နိုင်တာမို့ အင်မတန် ကြောက်စရာ ကောင်းပါတယ်။
ဝါဒသူခိုး ခေတ်သစ်သုသီမတွေဟာ မိမိရေးတာ ပြောတာကို လူ ကြိုက်အောင်လို့ အလံရှုး ရှဲဒိုးနည်းတွေကိုလည်း အသုံးပြုတတ်ပါတယ်။ ကိုယ့်သာသနာကို ချစ်မြတ်နိုးကြတဲ့ ဗုဒ္ဓဝါဒီတို့ ကြပ်ကြပ် သတိထားကြ ပါကုန်။
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A (Philo) M.A. (Buddhism) ဖြေဆိုသည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ္စုပ္ပန်ကမ္မသမားတို့၏ မိစ္ဆာအကြံ ကိုသိလိုပါ က http://yatana.freeblog.co.nz/category/freeblogtips/ တွင် ဖက်ရူဆင်ခြင် နိုင်ပါကြောင်း။
Monday, June 22, 2009
ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်
22nd June, 2009
``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)
``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)
``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်)
မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတိုပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။
ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ စာဖတ်ဝါသနာပါသည့် ဖခမည်းတော်ကြီးက လည်း မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်စာအုပ်ထဲက ဆရာတော်၏ ဓာတ်ပုံနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ဖတ်ပြပြီး မိမိကို ပြောပြ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် မုံရွာမြို့ ဇောတိကစာသင်တိုက်ကြီးသို့ ပျော်ပျော်ပါးပါးပင် သွားခဲ့လေသည်။
စာသင်တိုက်ကြီးဆီသို့ မယောင်မလည်
စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ ``သာမဏေကျော်၊ ဓမ္မာစရိယ၊ သကျသီဟ´´ဟူသော ဘွဲ့များကို လည်း ရရှိခဲ့ပါသည်။
အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့ အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ`` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်း မြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။
အတွေးသစ်တို့မွေးဖွား
အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြ သည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်း များစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲသည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။
ထို့ကြောင့် ``အရှင်သုမနပါလ B.A (ကိုလံဘို) အရှင်ရေ၀တဓမ္မ M.A (ကေလနိယ) အရှင်ရာဟုလာနန္ဒ Ph.D (ဘုံဘေ)´´ဟု စသည်အားဖြင့် ရေးသားထားသည်များကို တွေ့ရသောအခါ ယင်းနိုင်ငံတကာသုံး ဘွဲ့ဒီဂရီများကို လိုချင်သည့်စိတ်များ ဖြစ်မိလေသည်။
``သာသနဓဇ၊ သိရီပ၀ရ၊ ၀ိဒူ၊ မဟာဝိဒူ၊ ပါရဂူ၊ နိကာယုဇ္ဖောတက၊ ဂန္ထ၀ါစက၊ ဇောတိက ဓဇ´´ စသည့် မြန်မာနိုင်ငံ၏ သာသနာတော်ဆိုင်ရာ ဘွဲ့ဒီဂရီများကား လူပုဂ္ဂိုလ်များ နားလည်ဖို့ မဆိုထားဘိ၊ မိမိတို့ ရှင်ရဟန်းများပင် နားလည်အောင် မနည်းကြိုးစားရပေ၏။ လူအများ နားလည်ဖို့အတွက်မှာမူ ``ဘွဲ့တံဆိပ်ဒီပလိုမာတန်း´´ တစ်ခုကိုပင် ဖွင့်ဖို့လိုပေလိမ့်မည်။ B.A M.A Ph.D စသောဘွဲ့ဒီဂရီများက နိုင်ငံတကာသုံး ဘွဲ့ဒီဂရီများဖြစ်သောကြောင့် ကျေးတော သားပင်ဖြစ် စေဦးတော့ ထိုက်သလောက်တော့ နားလည်ပေသည်။ ထို့ကြောင့် ယင်းနိုင်ငံတကာသုံး ဘွဲ့ ဒီဂရီများကား လူ့လောကတွင် ရေပန်းစားလှ၏။
ယင်းဘွဲ့ဒီဂရီများကို လိုချင်သည့်အတွက် သီဟိုဠ်ကျွန်းခေါ် သိရီလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူ ချင်သည့်ဆန္ဒများ ဖြစ်မိလေသည်။ သို့သော် နွားကျောင်းသား တစ်ယောက်အတွက် မြို့တော်ကြီးသည် အလှမ်းကွာဝေး လှသကဲ့သို့ မိမိမှာလည်း အစစအရာရာ အင်အားနည်းနေရကား သီရိလင်္ကာရှိ တက္ကသိုလ်ကြီးများသည် မိမိနှင့် အလှမ်း ကွာဝေးလျက်ပင် ရှိပေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်အိမ်မက်များက မက်နေဆဲ။ ယင်းသို့သောအိပ်မက်များမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က နားစွင့်ခဲ့ရသော ရွာဦးကျောင်း ခေါင်းလောင်းသံက စခဲ့ပေသည်။
ရွာဦးကျောင်းကခေါင်းလောင်းသံများ အိပ်မောကျနေပြီ
ယနေ့ အမိမြန်မာပြည်ကြီး၌ ရွာဦးကျောင်းက ခေါင်းလောင်းသံများ မြည်ကြပါသေး၏လော။ နားစွင့်ကြစေချင်ပါသည်။ ယင်းခေါင်းလောင်းသံများကို ဘာသာခြားတို့၏ ဂစ်တာသံများနှင့် ၀တ်ပြုသံများက လွှမ်းမိုးစ ပြုနေပေပြီ။ သတိမူလျှင် မြူတောင် မြင်နိုင်ပေ၏တကား။ နိုင်ငံ့ကျက်သရေဆောင်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသာ စကားပြောနိုင်ခဲ့လျှင် ``အော် မြန်မာနိုင်ငံသူ နိုင်ငံသားများ မိစ္ဆာဒိဋ္ဌိများ ကျောချနေတာတောင် ဓားပြမှန်း မသိကြဘဲကိုး၊ ဒါတောင် သာကီမျိုးဟေ့ တို့ဗမာလို့ အော်ကြတုန်းရှိသေးတယ်၊ ဗုဒ္ဓဘာသာဝင်များ တဖြေးဖြေးနဲ့ ပရုတ်လုံးကဲ့သို့ လုံးပါး ပါးနေသည်ကို မသိကြသည်မှာ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပေစွာ့´´ဟု ငြီးတွားပေလိမ့်မည်။
ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မိမိတို့ရဟန်းတော်များသည် ``ကျောင်းသင်္ခန်း´´ မှာပင် ကိန်းအောင်း မနေဘဲ အခြားသူတို့၏ လုပ်ကွက်ကိုလည်း ကျော်၍ ကြည့်တတ်ဖို့ လိုပေသည်။ တစ်ကွက်နောက်ကျလျှင် မိစ္ဆာကျားတို့၏ ၀ါးမျိုခြင်းကို ခံရမည်သာတည်း။ အကြိမ်ပေါင်းများစွာ ၀ါးမျိုခံရသည်ကိုပင် ကျားစွယ်ကို ကြောက်ရကောင်းမှန်း မသိသေး။ ထို့ကြောင့် ၀ံသာနုစိတ်ဓာတ် ပြင်းထန်လှသည့် ဆရာတော်တစ်ပါးက ``ငါတို့က ခံစစ်နှင့် ကစားနေရတာပါ၊ ဂိုးသွင်း မခံရအောင် မနည်းကြိုးစားနေရတယ်`` ၀မ်းနည်းသံနှင့် ပြာခဲ့ဖူးပါသည်။ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ ကင်းဝင်သွားလျှင်တော့ မိမိတို့အားလုံး လည်စင်းခံကြဖို့သာ ပြင်ကြပေတော့။ ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာဖို့ ကြိုးပမ်းကြပါစို့။
ယင်းအမြင်ကြောင့်ပင် မိမိသည် ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို မုံရွာ၊ ပခုက္ကူစသည့်မြို့များ၌ ဖွင့်လှစ်ပို့ချခဲ့ပါ၏။ ကလေးတရားပွဲများကိုလည်း ဟောကြားပေး ခဲ့၏။ ကချင်ပြည်နယ် နမ္မတီးမြို့သို့ သွားရောက်ပြီး ကလေးများကို တရားဟောသည့်အခါ တရုတ်ကြီး တစ်ယောက်က ``လူငယ်ကောင်းမှ လူကြီးကောင်းမှာ၊ လူကြီး ကောင်းမှ တိုင်းပြည်ကောင်းမှာပေါ့၊ ဒါကြောင့် ကလေးများကို တရားဟောသင့်တယ်ဘုရား´´ လျှောက်ထားပြီး ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ဘောလ်ပင် ဗလာစာအုပ်များကို လှူဒါန်းခဲ့လေသည်။ ဤ သည်ကား မိမိဦးစီးပြီး ဟောပြောပို့ချပေးခဲ့သည့် ရက်တို ``ဓမ္မစကူးလ်´´ များပင်တည်း။ အမှန်တကယ်ကား ရေရှည် စီမံကိန်းရေး ဆွဲပြီး ``ဓမ္မစကူးလ်´´များကို ရက်ရှည် ပို့ချသင့်ပေသည်။
တရားဟောသည့်အခါ၌လည်း ဘာသာခြားများနှင့် နှိုင်းယှဉ်ပြီး လူမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို ချစ်သည့် စိတ်များ ထားရှိကြဖို့လိုအပ်ကြောင်းကိုလည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း လောကီကြီးပွားရေးတရားများကို ဦးစားပေးဟော၏။ ရှင် ရဟန်းများ သင်ယူနေကြသည့် ပရိယတ္တိ ပညာရေးစနစ်ကိုလည်း ခေတ်နှင့် အညီ ပြုပြင်သင့်ကြောင်း ဝေဘန်အကြံပြု၏။ ရေး၏။ ယင်းသို့သော လုပ်ရပ် များကြောင့်ပင် ပတ်ဝန်းကျင်၏ အားပေး ထောက်ခံမှုများကို ထိုက်သလောက် ရရှိခဲ့ပါသည်။ သို့သော် မပြောပ လောက်သေးပါ။
ဆန်းဒေးစကူးလ် (Sunday School)
မိမိသည် အသက် ၃၅-နှစ်ကျော်သောအခါမှသာ အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့သည့် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပါတော့သည်။ ကိုလံဘိုနိုင်ငံတကာလေဆိပ်သို့ ရောက်ရောက်ချင်း လေဆိပ်အတွင်း၌ ဘုရားဆင်းတုတစ်ဆူကို ဖူးမျှော်ရ၏။ ထို့နောက် လမ်းတလျှောက် လမ်းဆုံလမ်းခွများ၌လည်း ဘုရာဆင်းတုများ၊ ဗောဓိပင်များကို တွေ့ရပြန်၏။ ဗောဓိပင်များကိုလည်း အထူးတလည် အမြတ်တနိုးထားကြ၏။ သီရိလင်္ကာနိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကို အားရ ကျေနပ်မိပါသည်။
အစိုးရရုံးးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တခါတရံ အစိုးရရုံးသို့ နေ့ဆွမ်း စားချိန် ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူလိုက်သေးပါသည်။ ဘတ်စ်ကားများ၌လည်း ရဟန်း သံဃာတော်များ အတွက် အမြဲတန်း ၂-နေရာစာ ပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့် ရဲဘော်များသည် ဘုန်းကြီးရဟန်းများကို တွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။ ရဟန်းတော်များ ပါဝင်သောကားများကို စစ်ဆေး မေးမြန်းခြင်း မလုပ်ဘဲ အလွယ်တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင် များကို ဦးစားပေး နေရာချ၏။ ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ဖို့အတွက် လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်းဆိုလျှင် ဘုန်းကြီး ကျောင်းများ၌ ဗောဓိပင်ကို ပန်းဆီမီးတို့ဖြင့် ပူဇော်ကြ၏။ ဤသည့်ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်ထားကြောင်း ဖေါ်ပြလျက်ရှိပေသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်း နမူနာယူသင့်သော စည်းမျဉ်းတစ်ခုရှိပါသေးသည်။ ယင်းမှာအခြားမဟုတ်။ သီရိလင်္ကာနိုင်ငံ၏ အာဏာ အရှိဆုံးဖြစ်သော သမ္မတတစ်ယောက်သည် သမ္မတဖြစ်သည်နှင့်တပြိုင်နက် သမ္မတအဖြစ် ``ကျမ်းသစ္စာ´´ ကျိန်ဆိုရ၏။ ကျမ်းသစ္စာကျိန်ဆိုပြီးသော သမ္မတအသစ်သည် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော် ရခြင်း၊ သံဃာ့ဂိုဏ်း ၃-ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ကို ဦးတိုက်ပူဇော်ရ ခြင်းတို့ပေတည်း။ ဤကား မဖြစ်မနေ လုပ်ကိုလုပ်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။
``အရင်းစစ်လျှင် အမြစ်မြေက´´ ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ ဗုဒ္ဓဘာသာကို အသက်တမျှ တန်ဖိုးထားခြင်း၏အကြောင်းမှာ သိရီလင်္ကာနိုင်ငံအစိုးရ၏ ဆန်းဒေးစကူးလ်များကြောင့်ပင် ဖြစ်ပေသည်။ ယင်း ဆန်းဒေးစကူးလ်ကို ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃-ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့ (သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ်ကိုးဖြင့် စတင်၍ တည်ထောင် ခဲ့ပါသည် (On 13th February 1881, the first Buddhist Sunday school was started at the Society’s premises in Maliban Street )။ နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀-ကျော် သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးစကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည်။
ဆန်းဒေးစကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည်။ နေရာကား ဘုန်းကြီးကျောင်းများ ပင်တည်း။ အချို့ဘုန်းကြီး ကျောင်းများ၌ စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ် ဖြစ်ပြီး အနည်းငယ်သောကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှု အပိုင်းလောက်သာ တာဝန်ယူ ကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ လောကုတ် စွယ်စုံတတ်ဖို့လိုသည်ဆိုသည်ကို သတိမူသင့်၏။
ယင်းဆန်းဒေးလ်ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ, ဆရာမ ဖြစ်ဖို့အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့် စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစားမေးပွဲကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည်။ ဆန်းဒေးစကူးလ်၌ သင်ပေးကြသော ဆရာ/ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်းတို့သာတည်း။
ယင်းဆရာဖြစ်သင်တန်း၌ -----
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား၊
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊
၂။ ပဋိစ္စသမုပ္ပါဒ် ၊ သမထ ၀ိပဿနာတို့ဖြစ်ပါသည်။
သိရီလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရ သကဲ့သို့ ဆန်းဒေးစကူးလ်၌လည်း (၅)နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး ဆန်းဒေးစကူးလ်ကို အစိုးရကျောင်း များနှင့် တူညီစွာပင် အတန်းများကို သူ့အဆင့်နှင့်သူ ခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း ဆန်းဒေးစကူးများမှာလည်း သူငယ်တန်းပင်ဖြစ်သည်။
ဆန်းဒေးစကူးလ်ကို - - -
၁။ သူငယ်တန်း (primary)၊
၂။ ၁-တန်းမှ ၁၀-တန်း (Grade 1 to Grade 10)၊
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့်၂ (final 1. 2) ဟု အတန်းပေါင်း ၁၃-တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။
ပြဋ္ဌားန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ် အပျက်များ၊ ယင်းအကြောင်းကို ရေးထားသည့် ကဗျာများ၊ ပါရမီ ၁၀-ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထု ၁၀-ပါးတို့၏ အဓိပ္ပါယ်၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ အဘိဓမ္မာ သဘောအဓိပ္ပါယ်၊ သုတ္တနိပါတပါဠိလာ မှတ်သားဖွယ်တရားများ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖေါ်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းစာတို့ကို အတန်း အားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည်။
ယင်းပြဋ္ဌာန်းစာတို့ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏။ တချို့ဆန်းဒေးစကူးတို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်း စာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေ၏။ ယင်းဆန်းဒေး စကူးလ်စာမေးပွဲကို သာသနာရေးဝန်ကြီးဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။
ကျောင်းတက်ပုံအစီအစဉ်
ကျောင်းသူ/ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက် (၇) နာရီလောက် မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတက်သည့်အခါ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ် ဆင်ကြရ၏။ အကြောင်၊ အကျား အရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြရပါ။ နိုင်ငံတော် အစိုးရကလည်း SundaySchool ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးထား၏။ ယောက်ျားလေးများအတွက်လည်; ကတုံး လက်ရှည် ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများ အတွက်မှာ Halfဆာရီဆိုသည့် ရိုးရာ အဖြူဝတ်စုံ ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ခူး၊ ပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်းပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေစသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။
စာသင်ခန်းသို့ မ၀င်မီ နံနက် ၈-နာရီ ၃၀ မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပသေး၏။ ကျောင်းသူကျောင်းသား အားလုံး ဗောဓိပင်ရှေ့မှာ စီတန်းပြီး အတန်းလိုက် ရပ်ကြရ၏။ အလှည့်ကျဖြစ်သည့် ကျောင်းသူ ကျောင်းသား ၁၀-ယောက်၊ ၁၅-ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီ ယူဆောင်လာပြီး ကျောင်းသူကျောင်းသားတို့အား တစ်ယောက်ချင်း လက်နှင့် ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။
ထိုသို့ ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားများကို သြ၀ါဒ စကားများကို ပြောကြားပါသည်။ (ယင်းသြ၀ါဒခံယူသည့် အခန်းအနားမှာ အချိန် ၄၅-မိနစ်ခန့်လောက် ကြာ၏။) ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။
နေ့မွန်းတည့်ခါနီး ၁၁- နာရီအချိန်မှာ အားလပ်ချိန် ၁၀-မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသွားရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က၊ အလှူရှင်မရှိလျှင် ကျောင်း ထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြပြီး နေ့လည် ၁၂-နာရီ မိနစ် ၃၀-အချိန်ကျမှ သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသွားပါသည်။
သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်ကို မျက်နှာမူပြီး ရှေးဦးစွာ မေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသို့ ပူဇော်ပြီးသောအခါမှသာ စာသင်ခန်းတွင်းမှ အားလုံး ထွက်ခွါကြရပါသည်။
ခိုင်မာသည့် အခြေခံအုတ်မြစ်
သိရီလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြရသည်မှာ တစ်ပတ် မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် မဟုတ်၊ နှစ်ပေါင်း ၁၃- နှစ်။ ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဗုဒ္ဓတရားနှင့် ထိတွေ့နေကြရကား ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ ဆွဲမြဲသွား ပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံ အုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။
ကလေးများသည် ဘုန်းတော်ကြီးများနှင့် ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားကြရကား ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း စိတ်ဓာတ်ကိုလည်း ခရေစေ့တွင်းကျ သိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရသောကြောင့် အမျိုး ဘာသာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက် နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။
ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ ပြောဖူးလေသည်။ ``သိရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး မကြးဘူးသေးဘူး၊ ဘာကြောင့်လဲဆိုရင် ကလေး ဘ၀က စတင်ပြီး အခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင် သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့´´တဲ့။
နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသားများကို ဆန်းဒေးစကူးလ်သို့ မဖြစ်မနေ တက်ရောက် သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်းဆန်းဒေးစကူးလ်ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။ ယခုလက်ရှိ သမ္မတ Mahinda Rajapaksha က ပို၍ အားပေး၏။
ယင်းဆန်းဒေးစကူးလ် အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့သည် ထိုဆန်းဒေးစကူးလ် အောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ တချို့ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ယင်းအောင်လက်မှတ်မရှိလျှင် လုံးဝ လက်မခံပေ။ ဆန်းဒေးစကူးလ် အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။
လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း
``လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း``ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှား ရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေး အခြေခံ အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ရဖူးပါသည်။
စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာ ပြည်ကြီး၌ ဘာသာ ခြားများ တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့်အခြေ အနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်) ဓမ္မစကူးလ်များကို မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ် တည်ထောင်သင့်လှပေသည်။
ရန်ကုန်မြို့ရှိ ၀ံသာနုစိတ်ဓာတ် ကိန်းအောင်းနေသည့် ဒကာကြီး တစ်ယောက်က ``တပည့်တော်တို့ရပ်ကွက်မှာ တပည့်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၈၀- လောက် ရှိတယ်၊ အခုကြတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၃၀-လောက်ပဲ ရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား``ဟု မိမိကို လျှောက်ထားဖူးပါသည်။ ရန်ကုန်မြို့တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလာနေခြင်းပင်တည်း။
ထို့ကြောင့် ဤအချက်ကိုကောင်းကောင်းသိရကား မြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေး မနေတတ်သည့် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဤကဲ့သို့ မှာတမ်းတော် ခြွေခဲ့ပါသည်။
`` ဒို့မြေဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာ ကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရား ကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့် ၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်း ကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့၊ ထွန်းမည်ကို့´´။
အကြင်အခါ၌ မြန်မာပြည်အ၀ှမ်းမှာ ``လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း´´ဟု ကြွေးကြော်နိုင်၏။ ထိုအခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ``အိုသူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော၊ အရှင်အရဟံရဲ့သြ၀ါဒကိုခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အဦးကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော် အားရကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ်``ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး လက်ခတ် မလွဲသာတည်း။
အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(၀၁၊ ၀၆၊ ၂၀၀၉)
(မိမိသည် ဤဆောင်းပါးကို ကိုလံဘိုမြို့ SriJayatiladaramayaကျောင်းမှ သီရိလင်္ကာနိုင်ငံသား အရှင်ဓမ္မနန္ဒကို မေးမြန်း၍လည်းကောင်း၊ http://en.wikipedia.org/ wiki/ Buddhism_in _Sri_Lanka/ နှင့် http://www.bps.lk/wheels_library/wh_281.html#_Toc159679743 ဟူသော Website ကို ကြည့်၍လည်းကောင်း မှတ်တမ်းတင် ရေးထားခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကို မည်သည့်စာစောင် မဂ္ဂဇင်း၌မဆို ထည့်နိုင်ပါသည်။)
Sunday, June 21, 2009
မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား
21th June, 2009
မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာဟာ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်းဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊ အကာသက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြားသွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိသောကြောင့်တည်း။
``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။
သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။
အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။
နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။
ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။
ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းလောဘကြောင့် ကုသိုလ်ကောင်းမှုမျး တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသော လောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။
တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။
``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။
တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။
ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။
မတရားလောဘဆိုတာ
မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
တလွဲဆံပင်ကောင်း
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။
ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။
ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။
တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။
``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု
ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)
လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။
``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။
ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းးသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။
ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။
ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။
တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။
သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ်ကောင်း လေစွာ့တကား။
စိတ်သာရှင်စော ဘုရားဟော
လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။
မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
-------------------------------
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
Wednesday, May 27, 2009
သိမ် ဘာကြောင့် ရှိသင့်တာလဲ
27th May, 2009
ယနေ့တိုင်သာသနာတော်၌ထင်ရှားရှိနေသောသာသနာ့ဝန်ထမ်းဆရာတော်၊သံဃာတော်အရှင်မြတ်တို့သည်
သိမ်ထဲမှဖြစ်ပေါ်လာသောအရှင်မြတ်တို့ဖြစ်ပါသည်။သိမ်မရှိလျှင်နောက်ထပ်ရဟန်းသံဃာတော်အစစ်အမှန်များ မပေါ်ပေါက်လာနိုင်တော့ပါ။သိမ်ရှိသော်လည်းသိမ်မမြောက်ပါလျှင်၊သိမ်မအောင်ပါလျှင်ရဟန်းသံဃာအစစ် အမှန်များမပေါ်ပေါက်နိုင်ပါ။ရဟန်းသံဃာအစစ်အမှန်များမရှိလျှင်အသွင်မျှသာကျန်ပြီးသာသနာဆိတ်သုဉ်း ကွယ်ပျောက်ပါလိမ့်မည်။
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊သာသနာတော်အသက်ဆက်ရေးတို့အထောက်အကူပြုသောအား ဖြင့်သိမ်ဖြစ်မြောက်ရေး လျှင်မြန်ချောမောစွာ အောင်မြင်နိုင်ရန် အဘက်ဘက်မှ အကူအညီပေးနိုင်ရန် သိမ်နှင့်ပတ်သက်သောအကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်စေရန် တင်ပြလိုက်ရပါသည်။
သိမ်ကိုမြတ်စွာဘုရားခွင့်ပြုပုံ။
ဝိနည်းမဟာဝါခန္ဓက၌မြတ်စွာဘုရားရှင်သည်အတူနေသံဃာများအတူဥပုသ်ကံစသည်တို့ပြုခြင်းဖြင့်ညီညွတ်မူကိုဖြစ်စေလိမ့်မည်ဟုရည်ရွယ်၍ သိမ်သမုတ်ခြင်းကိုခွင့်ပြုခဲ့ပါသည်။
သိမ်ဆိုသည်မှာ
“သိမ်”ဆိုသည်မှာ ကံကြီး၊ကံငယ်ပြုလုပ်ရန် သီးခြား နယ်မြေလေးတစ်ခုအနေ သတ်မှတ်ထားသော ဌာနတစ်ခုမျှသာဖြစ်ပါသည်။ ယင်းသိမ်သည်---
(၁) ကမ္မဝါစာဖြင့် သမုတ်ထားသည့် “ဗဒ္ဓသိမ်”၊
(၂) ကမ္မဝါစာဖြင့်သမုတ်ထားခြင်း မရှိ အလိုလို သိမ်ဖြစ်နေသည့် “အဗဒ္ဓသိမ်”၊ ဟူ၍ နှစ်မျိုးရှိပါသည်။
ထိုသိမ်နှစ်မျိုးတို့တွင် “ဗဒ္ဓသိမ်” သည် ခဏ္ဍသိမ် စသည်ဖြင့်သုံးမျိုးရှိသလို “အဗဒ္ဓသိမ်”သည်လည်း ဂါမသိမ်စသည်ဖြင့်သုံးမျိုးစီပင် ရှိပါသည်။ ဗဒ္ဓသိမ်သည် ဂါမသိမ်ပေါ်၌ ကမ္မ ဝါစာရွက်ဖတ်၍ သမုတ်ရပါသည်။ ကမ္မဝါစာဖြင့်ရွတ်သမုတ်ခြင်းသည် သိမ်အဖြစ်မြဲစေရန် ဖြစ်ပါသည်။
သိမ်သမုတ်နည်း
သိမ်သမုတ်နည်းသည်--
(၁) ဝိသုံဂါမ (သီးခြားရွာ) တောင်း၍ သမုတ်နည်း၊
(၂) ရွာနယ်မြေတစ်ပိုင်း သိမ်း၍ သမုတ်နည်းဟူ၍ နှစ်မျိုးရှိပါသည်။
ယင်းနှစ်မျိုးတို့တွင် “ဝိသုံဂါမသိမ်”ဟူသည် ပကတိဂါမ (ပကတိရွာတစ်ရွာ) မှ ဝိသုံဂါမ (သီးခြားရွာ) သိမ်တစ်နေရာစာကို ရွာစားနာမည်တပ်၍ နိုင်ငံတော်အစိုးရတို့က သတ်မှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်လိုလို သိမ်အဖြစ်သို့ ရောက်လာသော သိမ်ဖြစ်ပါသည်။
ရွာနယ်မြေတစ်ပိုင်းသိမ်း၍ သမုတ်ဟူသည်မှာ သိမ်သမုတ်ရာသို့ တနယ်လုံးရှိ ရဟန်းသံဃာအားလုံးကို သိမ်းပြီးပင့်ဖိတ်ရပါသည်။ အကယ်၍ သိမ်သမုတ်ရာသို့မကြွနိုင်သောသံဃာများရှိပါက ထိုသံဃာရှိရာကျောင်း တိုက်သို့သွား၍ ဆန္ဒမသိုးစေရန် နေချင်းပြီး ဆန္ဒတောင်းပြီးမှ ကမ္မဝါစာဖြင့်ရွတ်ဖက်သမုတ်ရသောသိမ် ဖြစ်ပါသည်။
တခါတရံ မိမိတို့သတင်းသုံးရာ ဂါမခောတ် (ရွာနယ်မြေ) မှာကျယ်ဝန်းလွန်း၍ နယ်မသိမ်းနိုင်သော ကြောင့်လည်းကောင်း၊လှည်း၊မော်တော်ကား၊ရထား စသည် ဖြတ်သွားဖြတ်လာ အဝင်အထွက် အလွန်များသဖြင့် နယ်သိမ်းရန်ခတ်ခဲသောကြောင့်လည်းကောင်း၊ နယ်သိမ်းသိမ်သမုတ်ရန် မကြွနိုင်သော တနယ်လုံးသံဃာများ၏ ဆန္ဒကို တောင်းခံတဲ့အခါ ဆန္ဒကိုဒေသနာနှင့်အညီ
(၁)ဆန္ဒံ ဒမ္မိ-တပည့်တော် ဆန္ဒပေးပါ၏၊
(၂)ဆန္ဒံ မေ ဟရ- တပည့်တော်၏ ဆန္ဒကို သံဃာ့ထံသို့ ဆောင်သွားပါ၊
(၃) ဆန္ဒံ မေ အာရောစေတိ- တပည့်တော်၏ ဆန္ဒကို သံဃာတော်အားလျှောက်ထား
ပါလို့ပေးတက်သောရဟန်းတော်များရှားပါးနေပါကလည်းကောင်းနယ်သိမ်းသိမ်သမုတ်ရန်အခတ်အခဲနှင့်ကြုံရတက်ပါသည်။
ဝိသုံဂါမ(သီးခြားရွာ) တောင်း၍ သမုတ်ခြင်း
ယင်းသို့သော အခတ်အခဲများကိုကျော်လွားနိုင်ရန် ယင်းဂါမခောတ်၊ဂါမသိမ်မှ သီးခြားသိမ်တစ်လုံးစာ ရွာစားနာမည်မှည့်၍ ရွာနယ်မြေကလေး တောင်းပြီး သိမ်သမုတ်ကြခြင်းကို ဝိသုံဂါမ(သီးခြားရွာ) သိမ်ဟုခေါ်ပါသည်။ကျောင်းတိုက်တစ်ခုတစ်တိုက်လုံးတည်ထောင်ပြီး၊ဆောက်လုပ်ပြီးယင်းကျောင်းတိုက် အတွင်းမှ သိမ်ကျောင်းတစ်နေရာစာလေးကို ဝိသုံဂါမ (သီးခြားရွာ)လို ကျောင်းဒကာ(သို့)လျှောက် ထားသူ ပိုင်မြေဟု ရွာစားနာမည် ပေးလိုက်ခြင်းဖြင့်မည်သူ့ကိုမှမထိခိုက်၊မနစ်နာစေပါ။ အရှိမြေကွက်တစ်ခုကို ဝိသုံဂါမ(သီးခြားရွာ)ဟု သတ်မှတ်ပေးလိုက်ခြင်းမျှသာဖြစ်ပါသည်။ ယင်းသို့သက်မှတ်ပေးရာ၌ ယင်းမြေကွက်ကို ဖျတ်မရအောင် အပိုင်အဆိုင် ပေးမူမပေးမူနှင့်လည်း မသက်ဆိုင်ပါ။ သိမ်သမုတ်လို့လွယ်ကူစေရန် လျှေက်ထားသူကိုရွာစားနာမည်မှည့်၍ ဝိသုံဂါမ(သီးခြားရွာ)ဟု ပေးလိုက်ခြင်းသာ ပဓာနဖြစ်ပါသည်။ အချို့ကျောင်းတိုက်မှာ သာသနာ့မြေဟု သက်မှတ်ပြီးမှ ခိုင်သထက်ခိုင်၊မြဲသထက်မြဲရန်၊အထူးသန့်ရှင်းရန် ယင်းသာသနာ့မြေထဲမှ သိမ်တစ်လုံးစာကို ဝိသုံဂါမ(သီးခြားရွာ) အဖြစ်လျှောက်ထား၍ ပေးခြင်းမှာလည်းမည်သူ့ကိုမျှ မထိခိုက် မနစ်နာစေခြင်းကြောင့် သိမ်မိန့်ပေးနိုင်သူ၊သာသနာတော်ကို အထူးကြည်ညိုသူများက အလွယ်တကူချပေးသင့်ပါသည်။ သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အထူးဆောင်ရွက် ပေးလိုက်ခြင်းလည်းမည်ပါသည်။ အမိန့်ချပေးလိုက်သော ဝိသုံဂါမ (သီးခြားရွာ) သည် သိမ်သမုတ် ကံအောင်မြင်ရန် ရာနူန်းပြည့်ရှိပါသည်။ ယင်းသို့သိမ်မိန့်တောင်းခံ၍ အစိုးရမင်းတို့မှ ဝိသုံဂါမ(သီးခြားရွာ)အဖြစ်ရရှိပြီးနောက် သိမ်အဖြစ်မြဲနေစေရန် ကမ္မဝါစာဖြင့် ရွက်ဖက်၍ သမုတ်သောသိမ်သည် “ဗဒ္ဓသိမ်”ဖြစ်ပါသည်။
သိမ်သည်သာသနာတော်၏အသက်
အောင်မြင်သောသိမ်ဖြစ်ပါမှ ရဟန်းအစစ်များပေါ်ပေါက်ပြီး ဝိနည်းလေးစားသော ရဟန်းတော်များအတွက် ဥပုသ်ကံ ပဝါရဏာကံ စသော ကံကြီး ကံငယ်များ ဆောင်ရာတွင် အထူးချမ်းသာမည်ဖြစ်ပါသည်။ အောင်မြင်သောသိမ်၌ ရဟန်းခံခြင်း၊ဥပုသ်ပြုခြင်းပြုသည့်အခါ ယုံမှားသံသယ မဖြစ်စေဘဲ ကိုယ်ရောစိတ်ပါ နှစ်ဖြာသုခ ရရှိကြမှာ အမှန်ဖြစ်ပါသည်။ မိမိတို့ရဟန်းတော်များအတွက် သိမ်သည် အသက်တမျှအရေးကြီးလှ၍ သာသနာတော်၏အသက်ဟုခေါ်ဆိုရမည်ဖြစ်ပါသည်။
သိမ်ရှိမှ ရဟန်းဖြစ်မည်။
ဝိနည်းစူဠဝါအဋ္ဌကထာ၊သံဃဘေဒကက္ခန္ဓက၌ရဟန်းဖြစ်ရန်အင်္ဂင်္ါ(၅)ချက်ရှိ ပါသည်။ ထိုအချက်များမှာ (၁)ဝတ္ထုသမ္ပတ္တိ- ရဟန်းခံနိုင်လောက်သော လူပုဂ္ဂိုလ် ဗျတ္တိ၊ပဋိဗလနှင့်ပြည့်စုံခြင်း (၂)ဉတ္တိသမ္ပတ္တိ-သုဏာတုမေ စသည်ဖြင့် ဉာတ်ထားမူနှင့်ပြည့်စုံခြင်း။ (၃)ပရိသာ သမ္ပတ္တိ- ကာရက ရဟန်းသံဃာ အနည်းဆုံး (၄)ပါးနှင့်ပြည့်စုံခြင်း။ (၄) ကမ္မဝါစာ သမ္ပတ္တိ- ကမ္မဝါစာ(၃)ကြိမ် ရွတ်ဖက်မူ၏ ပြည့်စုံခြင်း။ (၅) သီမာသမ္ပတ္တိ- သိမ်ရှိမူ၏ ပြည့်စုံခြင်းတို့ဖြစ်ပါသည်။ အထက်ပါအချက်ငါးချက်တို့တွင် သိမ်တစ်ခုဖြစ်ဖို့အလွန်အရေးကြီးသလို၊အလွန်တရာမှခတ်ခဲလှပါသည်။သိမ်တစ်ခုဖြစ်ရန်သက်ဆိုင်ရာမှခွင့်ပြု
မိန့်ယူရခြင်၊ခွင့်ပြုမိန့်ရပြီးပါကသံဃာတော်များစွာပင့်ဖိတ်၍အကြိမ်ကြိမ်အခါခါသိမ်နူတ်ခြင်း၊သိမ်သမုတ်ခြင်းများ
ပြုရခြင်း၊ သိမ်အဆောက်အဦးဖြစ်ရန် နဝကမ္မ ဝတ္ထုငွေကြေးများ မတည်စုဆောင်းရခြင်း စသော ကိစ္စများမှာ ခတ်ခဲမည်မှာအမှန်ဖြစ်ပါသည်။
သိမ်အရေးကြီးပုံနှင့်ပတ်သက်ပြီးစာသင်သားဘဝကအဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသေးသည်။ မိမိသည် ပဲခူးမြို့ သာသနမဏ္ဍိုင်ကျောင်းတိုက်၌ အပတ်စဉ် ပထမငယ်တန်း ဝိနည်း စာမေးပွဲဖြေစဉ်ကဖြစ်ပါသည်။ထိုစဉ်သာသနမဏ္ဍိုင်ကျောင်းတိုက်၌အဖိတ်နေ့စာဖြေ၍၊ဥပုသ်နေ့တွင်သတ်
ဆိုင်ရာစာချဘုန်းကြီးမှ တပါးစီ၏ ဖြေလွာ များကို ပြန်ဖတ်ပြလေ့ရှိပါသည်။ ဝိနည်းဖြေရသော နေ့ရောက်သောအခါ ထုံးစံ အတိုင်းစာချ ဘုန်းကြီးက ဖြေလွာများဖက်ပြပါသည်။ စာသင်သားတပါး၏ ဖြေလွာကို ဖက်ပြသောအခါ သံဃာများ သဘောကြခဲ့ရပါသည်။ ဝိနည်း၌ ရဟန်းဖြစ်ခြင်းအင်္ဂါ(၅)ပါးကို မေးထားရာ စာဖြေရှင်စာသင်သားမှာ အထက်ပါ လေးပါးကို သာမှတ်မိ၍ မှန်မှန်ကန်ကန်ရေးနို်င်သော်လည်း နောက်ဆုံး အချက်သီမာသမ္ပတ္တိ-သိမ်၏ပြည့်စုံခြင်းဟုဖြေရမည်ကို မေ့နေသောကြောင့် ထိုနေရာတွင် နံပါတ်ထိုး ၍ “ပိုက်ဆံရှိလျှင်ဖြစ်နိုင်ခြင်း”ဟုဖြေချလိုက်ပါသည်။ယခုပြန်စဉ်းစားကြည့်သောအခါ ရဟန်းဖြစ်ဖို့ သိမ် အရေးကြီးသလို၊သိမ်ဖြစ်ဖို့လည်းသိမ်ကုသိုလ်ရှင်လည်းအမှန်တကယ်လိုအပ်မှာမို့သိမ်မိန့်စသည်ရပြီးပါကလည်းသိမ်ကုသိုလ်ဖြစ်မြောက်ရေးကို အထူးအကူအညီပေးသင့်ကြပါသည်။
သိမ်အလှူသေမဖြစ်စေဘဲ သိမ်အလှူရှင်ဖြစ်အောင်လုပ်ဖို့လိုအပ်
ယခုအခါသာသနာတော်မှာသိမ်တစ်လုံးဖြစ်မြောက်မူဟာအလွန်အရေးပြီးသာသနာတော်အတွက်အကျိုးများ မည့်အရေးကို သိထားသော နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး နှင့်တပည့်ကြီးဖြစ်သူ အရှင်အဂ္ဂဝရတို့၏ဦးဆောင်မူ၊ကာရကသံဃာများ၏ချီးမြောက်မူ။တပည့်ဒကာ၊ဒကာမများ၏ ထောက်ပံမူဖြင့်ရန်ကုန်တိုင်း၊လိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်။ဓမ္မရက္ခိတ ဖြူးမဟာစည်ရိပ်သာကျောင်းတိုက်၌သာသနာဝုဎိုကာရီသုံးထပ်ကျောင်းဆောင်ကြီး ဖြစ်မြောက်လို့လာခဲ့ပါပြီ။ ကျောင်းဆောင်ကြီး ပြီးမြောက်သည့်သတင်းကိုကြားရကတည်းက မိမိအနေနဲ့သာသနာတော်အတွက် အကျိုးများမည့် အရေးကိုကြိုတင်တွေး၍ ဝမ်းသာပီတိဖြစ်မိပါသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအမြဲပြောလေ့ရှိသောဆိုရှိးစကားတစ်ခုရှိပါသည်။ဆွမ်းမှာ ပိဏ်၊သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ် ဟူ၍ ဖြစ်ပါသည်။ ဆွမ်းအလှူများထဲတွင် ပိဏ္ဍပါတ်ဆွမ်လှူဒါန်းခြင်းသည် အမြတ်ဆုံးဒါနဟူ၍ လည်းကောင်း၊ သင်္ကန်းအလှူများထဲတွင် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း၊ ကျောင်းအလှူများထဲတွင်လည်း သိမ်ကျောင်းဆောင်လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း ပြောဆိုသုံးနူံးနေကြပါသည်။အဘယ်ကြောင့်အမြတ်ဆုံးဟူပြောဆိုရပါသနည်း။ု စာရေးသူအမြင်ကိုပြောရမည်ဆိုလျှင် ဤဆွမ်း၊သင်္ကန်း၊ကျောင်းတို့ကို လက်ခံသော အလှူခံ များကဤ ပစ္စည်းများကို အမှန်တကယ်လိုအပ်နေပြီး လိုအပ်သောနေရာများ တွင် အကျိုးရှိရှိ အသုံးချမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဤကဲသို့အသုံးချမှသာအလှူရှင်များအနေဖြင့်အသုံးကျသောအလှူဖြစ်ပြီးမြတ်သောအကျိုးကိုခံစားရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အလှူရှင်များအကျိုးများစေရန်သိမ်ကျောင်းဆောင်ကြီးသည် သံဃာကိစ္စမျာအတွက်အမြဲတမ်းအသုံးချ ထားသော ကျောင်းဆောင်ကြီးဖြစ်ဖို့ လည်းအရေးကြီးပါသည်။သို့မှသာ အလှူရှင်များ၏ အလှူသည် လည်း အမြဲတမ်းရှင်သန်နေသောအလှူဖြစ်ပြီး ဆရာဒကာ သံသရာ အတွက်အကျိုးများမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
ဦးဇင်းလေး
Monday, April 27, 2009
ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....(ဗဟုသုတ)
27th April 2009,
ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။
သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး
နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။
ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေ နှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။
ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။
ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုသတ်သေခဲ့ကြတယ်..။
ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ
ကာကွယ်ချုပ်ကိုင် ထားခဲ့လို...။ ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..။ ဘယ်က စရမှန်းမသိ ဖြစ်နေချိန်...နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊
ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်ဘာတယ်..။
“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”
ဘယ်လောက်ခက်ခဲနေပါစေ...
ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။
ရှစ်ခါလဲရင် ကိုးခါထမယ်..။
အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။
ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရသိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး
သူတို့ရဲ့ အင်အားခွန်အားတွေအားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို
စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့လာနိုင်ခဲ့တယ်..။
ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....
သူငယ်ချင်းတို့ရေ....
ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ..။
ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေ
စိတ်ပျက်အားငယ်စိတ်ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။
ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။
“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ ”