Thursday, March 5, 2009

လင်္ကာဒီပမှ မြတ်စွယ်တော်

06-3-09



မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာ တော် ထွန်းကားရာ နိုင်ငံများဖြစ်ကြသည်။ သီရိလင်္ကာနိုင်ငံမှာမူ ဗုဒ္ဓမြတ်စွယ်တော် တစ်ဆူ ကိန်းဝပ်စံပယ်လျှက်ရှိသဖြင့် အခြားသော ထေရ၀ါဒနိုင်ငံများထက် ထူးခြား သည်ဟု ဆိုနိုင်ပါသည်။ ဤတွင် အခွင့်သင့်သဖြင့် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ် တော်၏ သမိုင်းနောက်ခံကို အကျဉ်းချုပ်အဖြစ် လေ့လာတင်ပြလိုပါသည်။

ဘီစီ (၆) ရာစု၊ မဟာသက္ကရာဇ် (၁၄၈) ခုနှုစ်၊ ကဆုန်လပြည့်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကုသိနာရုံဒေသ၌ ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။ ဘုရားရှင်၏ ကြွင်း ကျန်ရစ်သော ဥတုဇ ရုပ်ကလပ်တော်ကို တေဇောဓါတ် လောင်ကျွမ်းစေပြီးသောအခါ ရှစ်ပြည်ထောင်သော မင်းတို့သည် ဓါတ်တော်ဝေစုခွဲကြရာ အဝေမတည့်ဖြစ်ကြပြီး အချင်းများကြလေသည်။ ထိုအခါ ဒေါနအမည်ရှိသော ဗြဟ္မဏ(ပုဏ္ဏား)သည် ရှစ်စရွက် မျှ ပမာဏရှိသော ဓာတ်တော်များကို ရှစ်စု အညီအမျှ ခွဲဝေ၍ ရှစ်ပြည်ထောင်သော မင်းတို့အား ပေးအပ်လေသည်။

မဟာဝံသ အစရှိသောကျမ်းများအဆိုအရ ဓာတ်တော်ခွဲဝေစဉ်အခါက ဒေါနပုဏ္ဏားသည် မြတ်ဗုဒ္ဓ၏ လက်ျာအထက်စွယ်တော်ကို အမှတ်မဲ့ယူလျှက် သူ၏ ဗောင်းထုပ်ကြား၌ ဝှက်ထားလိုက်သည်။ ထိုစွယ်တော်မြတ်ကို သိကြားမင်းက ပင့်ဆောင်လျှက် တာဝ တိံသာ နတ်ပြည်၌ စူဠာမဏိစေတီတော် တည်ထားကိုးကွယ်၍ ဋ္ဌပနာထားသည်ဟု ဆိုသည်။



ထို့အပြင် ဒေါနပုဏ္ဏားသည် လက်ျာအောက်စွယ်တော်ကိုလည်း ခြေဖျားစွန်းဖြင့် နင်း လျှက် ဝှက်ထားပြန်လေသည်။ ထိုစွယ်တော်ကိုမူ နဂါးမင်းက သူ၏ ဣဒ္ဓိပါဒ်တန်ခိုးဖြင့် နဂါးပြည်သို့ ပင့်ဆောင်ပြီးကိုးကွယ်ထားလေသည်။ နောင်သောအခါ သီဟိုဠ်ကျွန်း၌ ကာကဝဏ္ဏတိဿမင်းလက်ထက်တွင် မဟိန္ဒအမည်ရှိသော မဟာထေရ်တစ်ပါးသည် နဂါးပြည်မှ မြတ်စွယ်တော်ကို ပင့်ဆောင်ပြီး သီဟိုဠ်ကျွန်း သေရုတောင်ကြား၌ စေတီ တော်တစ်ဆူ တည်ထားကိုးကွယ်၍ ဌာပနာခဲ့သည်ဟု အဆိုရှိသည်။


ဓာတ်တော်ဝေစဉ်က ဒေါနပုဏ္ဏားသည် လက်ဝဲအထက်စွယ်တော်ကိုလည်း အမှတ်မဲ့ ယူကာ သူ၏ဝတ်စုံကြားထဲတွင် ဝှက်ထားပြန်လေသည်။ ထိုစွယ်တော်မြတ်ကိုမူ ဂန္ဓာရ တိုင်းသားရဟန်းတော်တစ်ပါးက ဂန္ဓာရတိုင်းသို့ ပင့်ဆောင်ကာ ဂန္ဓာရတိုင်းရှိ စေတိယ တောအုပ်၌ စေတီတည်ပြီး ဌာပနာ၍ ကိုးကွယ်ခဲ့လေသည်။

မြတ်ဗုဒ္ဓ၏ အလောင်းတော်ကို မီးသဂြိုဟ်နေစဉ် အချိန်က ဖြစ်ပါသည်။ အရှင်သာရိ ပုတ္တရာ၏တပည့် ခေမာအမည်ရှိသော ရဟန္တာအရှင်မြတ်တစ်ပါးသည် စန္ဒကူးနံ့သာ ထင်းပုံထဲမှ လက်ဝဲအောက်စွယ်တော်ကို ပင့်ဆောင်ကာ ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ စိုးစံ နေသော ဘုရင်ဗြဟ္မဒတ္တအား ပေးအပ်ပြီးလျှင် ကိုးကွယ်စေခဲ့လေသည်။ ဗုဒ္ဓမြတ်စွယ် တော်ကို ကလိင်္ဂတိုင်း၌ မင်းအဆက်ဆက်တို့က ထိန်းသိမ်းစောင့်ရှောက် ကိုးကွယ် လာကြရာ ဂုဟသိဝဘုရင် လက်ထက်အထိ နှစ်ပေါင်းရှစ်ရာမျှ ကြာမြင့်ခဲ့သည် ဟုဆိုသည်။ ကလိင်္ဂတိုင်းသည် အိန္ဒိယနိုင်ငံ အရှေ့အလယ်ပိုင်းဒေသ မဟာနဒီနှင့် ဂေါဒါဝရီမြစ်တို့ကြားတွင် တည်ရှိုခဲ့သော ရှေးဟောင်းမင်းနေပြည်တော် တစ်ခုဖြစ် သည်။ ယခုခေတ် သြရိဿပြည် နယ်သည် ကလိင်္ဂတိုင်း၏ နေရာဟောင်း ဖြစ်သည်ဟု ဆိုကြသည်။ ကလိင်္ဂတိုင်း၌ ထီးနန်းစိုးစံခဲ့ကြသော ဘုရင်အဆက်ဆက်တို့သည် ဗုဒ္ဓဘာ သာဝင်များဖြစ်ကြသည်။ ဗုဒ္ဓ၏တရားတော်မြတ်ကို အထူးကြည်ညို လေးစားသော ကလိင်္ဂဘုရင် ဂုဟသိဝသည် သီရိလင်္ကာနိုင်ငံနှင့်လည်း အဆက်အသွယ်ရှိသည် ဟုဆိုပါသည်။

ထိုအချိန်က သီဟိုဠ်ကျွန်းတွင် ထီးနန်းစိုးစံနေသောဘုရင်မှာ မဟာသေန (အေဒီ ၃၃၄-၃၆၂) ဖြစ်သည်။ ကလိင်္ဂဘုရင် ဂုဟသိဝနှင့် သီဟိုဠ်ဘုရင် မဟာသေန (အေဒီ ၃၃၄-၃၆၂) တို့သည် ဗုဒ္ဓဘာသာ အချင်းချင်းဖြစ်သဖြင့် ချစ်ကြည်ရင်းနှီးမှုရှိကြသည်။ ကလိင်္ဂ တိုင်းကို စိုးစံအုပ်ချုပ်နေသော ဂုဟသိဝ ဘုရင်သည် မိမိ၏ဘိုးဘွားဘီဘင် အစဉ် အဆက်က ထိန်းသိမ်းစောင့်ရှောက် ကိုးကွယ်ဆည်းကပ်လာခဲ့သော ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ကို အထူးပင်မြတ်နိုး၍ တန်ဖိုးထားသည်။ သို့သော် ထိုအချိန်မှာ ကလိင်္ဂတိုင်းသည် အိမ်နီးချင်းတို့နှင့် မသင့်မတင့်ဖြစ်နေကြသည်။ အိမ်နီးချင်း နိုင်ငံအချို့တို့သည် ကလိင်္ဂတိုင်းကို တိုက်ခိုက်သိမ်းယူရန် ကြံစည် နေကြချိန်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံအချို့တို့က ကလိင်္ဂတိုင်းကို သိမ်းပိုက်လိုကြခြင်း၏ အဓိကပြဿနာမှာ ကလင်္ဂတိုင်းရှိ ဗုဒ္ဓမြတ်စွယ်တော်ကို သိမ်းပိုက်လိုသောကြာင့် ပင်ဖြစသည်။ သို့သော် ကလိင်္ဂတိုင်းကို တိုက်ခိုက်၍ ဗုဒ္ဓမြတ်စွယ်ကို သိမ်းပိုက်ရန် ကြံစည်နေကြသူများမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြဟုဆိုသည်။

ကလိင်္ဂတိုင်းသည် အိမ်နီချင်းနိုင်ငံများနှိုင်းယှဉ်ပါက အဘက်ဘက်တွင် အားနည်းမှုများ ရှိနေသည်။ မိမိနိုင်ငံ၏ အခြေအနေမှန်ကို သိမြင်သော ဘုရင်ဂုဟသိဝသည် သူ့ကိုယ် သူ စိတ်ချယုံကြည်မှုမရှိဘဲ အခက်ကြုံနေသည်။ သူကိုယ်တိုင်မှာမူကား အမျိုးဘာသာ သာသနာတော်ကို အသက်နှင့်လဲ၍ ကာကွယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် စစ်မက်ဖြစ်ပွားပြီး မိမိရှုံးနိမ့်၍ ရန်သူလက်သို့ကျရောက်သွားရသည်ရှိသော် ရန်သူတို့က မြတ်စွယ်တော်ကို သိမ်းယူဖျက်ဆီးပစ်ကြတော့မည်။ ကလိင်္ဂတိုင်းကို လက်လွတ်ဆုံးရှုံး ရပါက အမျိုးဘာသာသာသနာတော်လည်း လုံးဝပျောက်ကွယ် သွားရမည့် အခြေအနေ ဖြစ်နေသည်။

ကလိင်္ဂဘုရင်သည် မိမိ၏အသက် ဥစ္စာစည်းစိမ်ထက် အမျိုးဘာသာသာသနာ တော်ကို ပိုမို၍ ချစ်ခင်မြတ်နိုးတော်မူသည်။ အကယ်၍ စစ်ရှုံးခဲ့သည်ရှိသော် မိမိသေရမည်ထက် ဗုဒ္ဓမြတ်စွယ်တော်အား ဘာသာခြားတို့ သိမ်းယူဖျက်စီးပစ်ကြမည့် အရေးကို ပိုမို၍စိုးရိမ် ပူပန်နေသည်။ ထို့ကြောင့် သူ၏သမီးတော် ဟေမမာလာမင်းသမီးအား ခေါ်ယူတွေ့ဆုံ၍ လျှို့ဝှက် အစီအစဉ်တစ်ခု ချမှတ်တော်မူလေသည်။ မင်းကြီး၏အစီအစဉ်မှာ မိမိတို့ စစ်ရှုံးပါက ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်ပြီး သီဟိုဠ်ကျွန်းသို့ တိတ်တဆိတ် ထွက် ပြေး တိမ်းရှောင်ရန် ညွှန်းကြားခြင်းပင်ဖြစ်သည်။

စစ်ဖြစ်သောအခါ ကလိင်္ဂဘုရင်မှာ လက်နက်ချရတော့မည့် အခြေအနေသို့ ရောက် လာသည့်အတွက် အဖြစ်မှန်ကို အကဲခတ်နေသော ဟေမမာလာမင်းသမီးသည် ခမည်း တော်၏ ညွှန်ကြားချက်ကို အကောင်အထည် ဖော်လေတော့သည်။ ဟေမမာလာ မင်းသမီးသည် ရသေ့မအသွင်ဝတ်ဆင်ပြီး သူမ၏ ဆံကျစ်ထုံးထဲတွင် ဗုဒ္ဓမြတ်စွယ် တော်ကို ထည့်ကာ ပင့်ဆောင်ရန် ကြံစည်သည်။ ထို့အတူ သူမ၏ ကြင်ယာတော် ဒန္တမင်းသားကိုလည်း ရသေ့အသွင် ဝတ်ဆင်စေကာ သူမနှင့်အတူ လိုက်ပါစေလေ သည်။ စစ်ပွဲကာလပင်ဖြစ်သော်လည်း ရဟန်း၊ ရသေ့တို့မှာ လွတ်လပ်စွာ ဝင်ထွက်သွား လာနိုင်ကြသည်ဟုဆိုသည်။

ရသေ့ဟန်ဆောင် ထားကြသော မင်းသားနှင့် မင်းသမီးတို့သည် ကလိင်္ဂတိုင်းမှ တိတ်တဆိတ် ထွက်ခွါလာကြပြီး ပင်လယ်ဆိပ်ကမ်းတစ်ခုသို့ သွားကြသည်။ ထို့နောက် လှေကြုံစီးကာ သီဟိုဠ်ကျွန်းသို့ ခရီးဆက်ကြလေသည်။ လမ်းခရီးတစ်လျှောက်မူ သူတို့ ဇနီးမောင်နှံအား ကလိင်္ဂတိုင်းမှာ မင်းသားနှင့်မင်းသမီးဖြစ်သည်ကို မည်သူမှမရိုပ် မိစေရန် အထူးလျှို့ဝှက်ခဲ့ကြသည်။ ဒန္တမင်းသားနှင့် ဟေမမာလာမင်းသမီးတို့ သီဟိုဠ် ကျွန်းသို့ ရောက်ချိန်သည် သီဟိုဠ်ဘုရင် မဟာသေနမင်း နတ်ရွာစံ၍ သီရိမေဃ ဝဏ္ဏမင်း ထီနန်းစိုးစံ နေချိန်ဖြစ်သည်။ ထိုမင်းကြီသည် ဗုဒ္ဓသာသနာတော်ကို အထူးပင် ကြည်ညိုလေးစားသူဖြစ်သဖြင့် စွယ်တော်မြတ်ကို ပင့်ဆောင်၍ ထွက်ပြေးတိမ်းရှောင် လာကြသော ဒန္တမင်းသားနှင့် ဟေမမာလာမင်းသမီးတို့ကို နွေးထွေးစွာ ကြိုဆို၍ ချီးမြှင့် မြှောက်စားလေသည်။

သီဟိုဠ်ဘုရင် သီရိမေဃဝဏ္ဏမင်း (အေဒီ-၃၆၂-ခန့်) သည် ဗုဒ္ဓမြတ်စွယ်တော်ကို ရတနာကြုတ်တွင် ထည့်သွင်းပြီးလျှင် နန်းတော်နှင့် မနီမဝေးအရပ်၌ စွယ်တော်တိုက် ဆောက်လုပ်ပြီး ကိုးကွယ်ပူဇော်လေသည်။ စွယ်တော်တိုက်မှာ အလွန်ခန်းနား၍ ပေပေါင်း ရာကျော်မြင့်သည်ဟု ဆိုပါသည်။ ထိုစွယ်တိုက်မှာ သီရိလင်္ကာနိုင်ငံတွင် ပထမဦးဆုံး ဆောက်လုပ်ခဲ့သော စွယ်တော်တိုက်ဖြစ်ပြီး အနုရာဓပူရ မြို့ဟောင်းရှိ ထူပါရုံစေတီ အရှေ့ဘက် တစ်ဖာလုံခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။ မြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

သီဟိုဠ်(သီရိလင်္ကာ)ကျွန်းနိုင်ငံ၌ သီရိမေဃဝဏ္ဏမင်းနောက်ပိုင်းတွင် မင်းဆက်ပေါင်း တစ်ရာကျော်မျှ စိုးစံခဲ့ကြသေးသည်ဟု သိရသည်။ သီရိလင်္ကာနိုင်ငံ၏ နောက်ဆုံး မင်း နေပြည်တော်မှာ ကန္ဒီမြို့ဖြစ်သည်။ သီဟိုဠ်မင်းအဆက်ဆက်တို့သည် မိမိတို့ထီးနန်း စိုက်ရာ မြို့တော်များသို့ ဗုဒ္ဓမြတ်စွယ်တော်ကိုပါ ပင့်ဆောင်၍ ကိုးကွယ်ဆည်းကပ်ခဲ့ ကြလေသည်။ ယခုအခါ ဗုဒ္ဓမြတ်စွယ်တော်သည် သီရိလင်္ကာနိုင်ငံတော်၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်သော ကန္ဒီမြို့၌ ကိန်းဝပ်စံပါယ်လျှက် ရှိနေပါသည်။ နှစ်စဉ် ဝါခေါင်လတွင် ကျင်းပမြဲဖြစ်သော မြတ်စွယ်တော် လှည့်လည်ပူဇော်ပွဲ (ပေရဟလ) မှာ နိုင်ငံအဝန်း၌ အထူးထင်ရှားကျော်ကြားသော ဘာသာရေးပွဲတော် တစ်ခုပင်ဖြစ်ပါသည်။
လေးနှစ်လျှင် တကြိမ်ကျ အပူဇော်ခံမြဲဖြစ်သော မြတ်စွယ်တော် ပူဇော်ပွဲကို ၂၀၀၉ မတ်လ (၆) ရက်မှ (၁၆) ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။


သောတုဇနဘိက္ခု
MSMA

1 comment:

Unknown said...

ဦဇင်းလေးရေးတာ ကောင်းပါတယ်
ကျေးဇူ့တင်ပါတယ်